စစ်ကောင်စီအနေနဲ့ လက်လွှတ်ခဲ့ရတဲ့မြို့တွေ့ များပြားလာချိန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းလို့မရကြောင်း ပြောကြားလာ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ ဆွေးနွေး ဆောင်ရွက်ပြီး လွှတ်တော်မှာ အတည်ပြုရန်လိုကြောင်းနဲ့  လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆိုလို့ မရနိုင် ကြောင်း ဇန်နဝါရီ (၂၆) ရက်က စစ်ကောင်စီ အစည်းအဝေးအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်ဖြစ်ပေမယ့် စည်းလုံး ညီညွှတ်မှု အားနည်းနေတာကိုတွေ့ရကြောင်း ၊နိုင်ငံရေး ခိုင်မာရန် တည်ဆောက်နိုင်ခြင်းမရှိသေးတာကို တွေ့ရှိရ ကြောင်း စစ်ခေါင်းဆောင်ကပြောပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ကို မဟာမိတ်အဖွဲ့တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ကာ အမျိုးသားအလံတော် လွှင့်ထူခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ကို အပစ်ရပ်စာချုပ်  NCA အကြောင်းပြကာ တွေ့ဆုံဆွေးနွေးရန် အာဏာသိမ်း စစ်ကောင်စီက ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။

PNLO အနေဖြင့် စစ်ကောင်စီကို ညီနောင်မဟာမိတ်များနဲ့အတူ လက်တွဲတွန်းလှန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း  ထုတ်ပြန်ခဲ့ပြီးနောက် လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဆိုပြီး NCAရဲ့  အခြေခံမူကို မျက်ကွယ်ပြုတယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၂၈ ရက်ထုတ် သတင်းစာတွမှာလည်း ဖော်ပြထားပါတယ်။

PNLO ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်ကတည်းက ပါဝင်လက်မှတ်ရေးထိုးခဲ့သလို စစ်တပ်က အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက်အဖြစ် သုံးနှစ်နီးပါးကြာအောင် ရပ်တည်ခဲတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ  လူမျိုးကြီး (၈) မျိုးကိုအခြေခံပြီး  တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး နယ်မြေခွဲဝေခြင်း၊ သယံဇာတ ခွဲဝေခြင်းနဲ့ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်အတွက် တောင်းဆိုလာကြခြင်း ဖြစ်တယ်လို့စစ်ခေါင်းဆောင်ကဆိုပါတယ်။

စစ်ကောင်စီ စွန့်လွတ်လိုက်ရတဲ့ မြို့နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ထူထောင်လာချိန်မှာပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လွှတ်တော်အတည်ပြုချက် ရယူဖို့လိုတယ်လို့ စစ်ခါင်းဆောင်က ပြောဆိုလာတာဖြစ်ပါတယ်။

လက်ရှိမှာ ကိုးကန့်လက်နိုင်အဖွဲ့ MNDAAဟာ  ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသအုပ်ချုပ်ရေး လုပ်ငန်းများကို စတင်လုပ်ကိုင်နေတာဖြစ်ပါတယ်။

အလားတူ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ဟာလည်း ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများ ကို တိုက်ခိုက်သိမ်းပိုက်ကာ အုပ်ချုပ်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်နေကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့  ပဲခူးတိုင်းတို့မှာလည်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက မြို့ပေါင်း သုံးဆယ်ကျော်ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက သိမ်းယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေ ထူထောင်ထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးထားပြီး မိမိတို့အနေနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှုရှိစေရေး နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဆိုထားပါတယ်။