သထုံတွင် အငြိမ်းစား ဗိုလ်ကြီး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သထုံတွင် အငြိမ်းစား ဗိုလ်ကြီး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သထုံမြို့တနေရာကို‌ တွေ့ရစဉ်

YT (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာက စစ်ကောင်စီတပ် အငြိမ်စားဗိုလ်ကြီးတဦးကို သထုံမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုက လာရောက်ပစ်ခတ်ရာ သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။


အငြိမ်းစားဗိုလ်ကြီး ဝင်းနောင်သည် ကြာပန်းကျေးရွာရှိ ၎င်း၏ နေအိမ်၌ ဖွင့်ထားသည့် ဈေးဆိုင်တွင် ရှိနေစဉ် အောက်တိုဘာလ ၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီဝန်းကျင််က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
” မနေ့က သထုံမှာ ဗိုလ်ကြီးဟောင်း၊ လက်ရှိ ပျူစောထီး ထောက်လှမ်းရေးမှူး
ပစ်ခံရတယ်၊ ပွဲချင်းပီးသေတာပါ၊ သူ့မှာ (သေနတ်) အတိုတလက်ရှိတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။


ပစ်ခတ်ခံရသော အငြိမ်းစားဗိုလ်ကြီးဝင်းနောင်သည် ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။


“သူက အရင်က ခမရ (၂၀၆) က၊ သူထွက်တဲ့တပ်နဲ့ သူသေတဲ့ နေရာက မီတာ ၁,၀၀၀ လောက်ပဲဝေးတယ်” ဟု နောက်ထပ် ဒေသခံတဦးကလည်း မဇ္ဈိမကို ပြောသည်။


ဦးဝင်းနောင်သည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၂၀၆) တပ်က အငြိမ်းစားယူထားသော ဗိုလ်ကြီးဟောင်းတဦး ဖြစ်သည်။


လက်ရှိမှာ ၎င်းသည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသော ပျူစောထီး ထောက်လှမ်းရေးမှူးအဖြစ် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တခုက မဇ္ဈိမကို ပြောသည်။


၎င်းအား မည်သည့်အဖွဲ့က ပစ်သတ်ခဲ့သည်ကို မဇ္ဈိမအနေဖြင့် တိတိကျကျ မသိရသေးပေ။


သေဆုံးသူ အငြိမ်းစားဗိုလ်ကြီးဝင်းနောင်၏ ဈာပနကို ကြာပန်းကျေးရွာရှိ ၎င်း၏ နေအိမ်၌ လာမည့်အောက်တိုဘာလ ၅ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


စာတည်း။ ။ နောင်နောင်