လေကြောင်းတိုက်ခိုက်မှုကြောင့် ဇရပ်ကြီးဒေသခံများ ထွက်ပြေးတိမ်းရှောင်

ပုံအညွှန်း- နေရပ်စွန့်ခွာ တိမ်းရှောင်နေသည့် ဇရပ်ကြီး ဒေသခံများအား တွေ့ရစဉ် (ဓါတ်ပုံ- Shwe Kit၊ လူမှုကွန်ရက်)

ပုံအညွှန်း- နေရပ်စွန့်ခွာ တိမ်းရှောင်နေသည့် ဇရပ်ကြီး ဒေသခံများအား တွေ့ရစဉ် (ဓါတ်ပုံ- Shwe Kit၊ လူမှုကွန်ရက်)

YT

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၌ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဇရပ်ကြီးမြို့ခံနှင့် အနီးအနားကျေးရွာများမှ ပြည်သူများ တခြားမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများနှင့် အကူအညီပေးနေသူများထံက သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက်အစောပိုင်းက စတင်၍ ခြေလျင်တပ်ရင်း ခလရ(၇၃)အပါအဝင် ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်းအပါအဝင် စစ်ကောင်စီတပ်အထိုင်ချရာ တပ်စခန်းများအား တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကိုပါ အသုံးပြုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နေ့လယ် ၃ နာရီ မေးမြန်းချက်အရ ဇရပ်ကြီးမြို့တဝိုက်တွင် နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုများ မရှိတော့သော်လည်း စစ်ကောင်စီတပ်​၏ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

” ဒီနေ့က နှစ်ဖက် ပစ်ခတ်မှုတော့ မရှိတော့ဘူးဗျ။ ဒါပေမယ့် လက်နက်ကြီးနဲ့ လေယာဉ်နဲ့ကတော့ ပစ်တုန်းပဲ။ ကျွန်တော်တို့ရှေ့နားလေးတင် အိမ်တွေပေါ် ပစ်ချပြီး (လေယာဉ်) ပြန်သွားတယ်” ဟု ဇရပ်ကြီး ဒေသခံများအား ကယ်ထုတ်ပေးနေသူတဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထောင်ချီသည့် ဇရပ်ကြီးမြို့ပေါ်နှင့် ကင်မွန်းခြုံ၊ မြို့စိုး၊ လယ်ကလေး၊ နတ်ရွာစသည့် ရွာများနှင့် အနီးအနားကျေးရွာများမှ ဒေသခံပြည်သူများသည် တနိုင်တပိုင် ကူညီသူများ​၏ အကူအညီဖြင့် တောင်ငူမြို့နယ်ဘက်သို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

” အစ်မတို့တော့ ထွက်ခဲ့ပြီ အခုပဲ ရောက်တယ် တောင်ငူကို။ အဆင်မပြေပါဘူး၊ ရုတ်တရက်ကြီး ထွက်လာရတော့ ပစ္စည်းတွေက အကုန်ကျန်နေခဲ့တယ်။ သက်ကြီးပိုင်းရော ကလေးတွေရော ပါတော့ လူပဲ အရ ပြေးခဲ့တာ။ အခုလည်း တယောက်က အကြီးအကျယ် ဖျားနေတယ်” ဟု ဇရပ်ကြီးမြို့ခံ အမျိုးသမီးက မဇ္ဈိမကိုပြောသည်။

” ကျွန်တော်တို့ သယ်ထုတ်တာ လူ တထောင်ကျော်သွားပြီ။ အခုထိလည်း သယ်ထုတ်နေဆဲပဲ။ ဒီဒေသခံတွေအတွက် တောင်ငူက လူမှုကယ်ဆယ်ရေးအသင်းတွေ ကူညီပေးနေကြတယ်။ ဘုန်းကြီးကျောင်းတွေမှာ နေရာချပေးသွားမှာပါ သူတို့အတွက်” ဟု ဇရပ်ကြီးဒေသခံများကို ကယ်ထုတ်ပေးနေသူက မဇ္ဈိမကို ဆက်လက်ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့နှင့် ယနေ့ ၈ ရက်နေ့အထိ စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံနေအိမ် အလုံး ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရထားကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတခုထံက သိရသည်။

” ဒေသခံ ဒဏ်ရာရလို့ ဆေးရုံတွေကို ကျွန်တော်တို့ ပို့ပေးတာဆိုရင် ၁၀ ဦးလောက်ရှိပြီဗျ၊ သေဆုံးတာတော့ တလောင်းတွေ့တယ်။ အဲ့ဒီထက်ပိုပြီးတော့တော့ မကြားမိသေးဘူး” ဟု ဒေသတွင်း လူမှုကူညီရေး အသင်းတခုမှ တာဝန်ရှိသူက မဇ္ဈိမကို ဆက်လက်ပြောဆိုသည်။

လက်ရှိ ဇရပ်ကြီးမြို့​၏ စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းအား ဆက်သွယ်မေးမြန်းရာ အခြေအနေ အသေးစိတ်အား ပြောပြ၍ မရနိုင်သေးကြောင်း ဆိုသည်။

စာတည်း – သန့်ဇော်(သန်လျင်)