NLD လွှတ်တော်ကိုယ်စားလှယ် ၆၇ ဦးအပါအဝင် ပါတီဝင် ၁,၃၅၀ နီးပါး ဆက်လက်ဖမ်းဆီးခံထားရ

ဓာတ်ပုံ- ပုံဟောင်း

001

(မဇ္ဈိမ)။ ။ အာဏာသိမ်းကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ် ၆၇ ဦးအပါအဝင် ပါတီဝင် ၁,၃၄၀ ဦး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း NLD ၊ ဗဟိုအလုပ်ကော်မတီက ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ပါတီဝင် ၂,၀၄၉ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဥပဒေမဲ့ မတရားဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်ခံရသည့် ပါတီဝင် ၁၀၂ ဦး ရှိကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ ကာလအတွင်း NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီဝင် ၄၃၀ ကျော်၏ ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံခဲ့ရသည့်အပြင် အဖွဲ့ချုပ်ရုံးများ ဖျက်ဆီးခံရသည့်အကြိမ်အရေအတွက် ၁၆၄ ကြိမ်ရှိကြောင်း သိရသည်။

အဆိုပါ မှတ်တမ်းကောက်ယူထားသည့်အချက်အလက်များနှင့် ပတ်သက်ပြီး အခါအားလျော်စွာသတင်းထုတ်ပြန်ခြင်း၊ ချိုးဖောက်မှုများရပ်တန့်ရန်၊ ထပ်မံမဖြစ်ပွားရန်နှင့် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရန်အတွက် နိုင်ငံတကာပဒေများနှင့် တရားစွဲဆိုအရေးယူနိုင်ရေးကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများသို့ ပေးပို့ခြင်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း NLD ၊ ဗဟိုအလုပ်ကော်မတီက ဆိုထားသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများအား အကြောင်းမဲ့ ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း ၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများလည်းကျူးလွန်နေပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ မတရားဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူ ၄,၂၀၀ ကျော်ရှိပြီး ထိုအထဲတွင် အသက်မပြည့်သည့် ကလေးသူငယ် ၃၁၄ ဦးပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အသက်မပြည့်သေးသည့် ကလေးသူငယ် ၃၅၄ ဦးနှင့် အမျိုးသမီး ၂,၀၀၀ ကျော်မှာလည်း လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့၊ရွာ၊ နေအိမ်၊ အဆောက်အဦးများကို တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း ၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကိုလည်း နေ့စဉ်ရက်ဆက်ကျူးလွန်နေကြောင်းလည်း ထည့်သွင်း ပြောဆိုထားသည်။

ထို့ကြောင့် စစ်တပ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မျက်ကွယ်ပြုမထားဘဲ မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားပြီး အဆိုပါ ချိုးဖောက်မှုများ ရပ်တန့်ရန်နှင့် ထပ်မံမဖြစ်ပွားရန်၊ ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရန် ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြရန်လည်း NLD က တိုက်တွန်းထားသည်။

ယခု ထုတ်ပြန်ထားသည့် အချက်အလက်များမှာ လက်လှမ်းမီသ၍နှင့် တိကျသည့် မှတ်တမ်းများကို ပြုစုထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်ကြောင်းလည်း အသိပေးထားသည်။

NLD အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT – NLD )ကို ပြီးခဲ့သည့်၂၀၂၁ ခုနှစ်‌ မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ကောက်ယူရရှိထားသည့် အချက်အလက်များကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် (သို့မဟုတ်) စနစ်တကျ တိုက်ခိုက်ကျူးလွန်သည့် လုပ်ရပ်များဖြစ်ပြီး နိုင်ငံတကာရာဇဝတ်တရားရုံး ICC ၏ စီရင်ပိုင်ခွင့်အတွင်းတွင်ရှိသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်ကြောင်း NLD ၊ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး