ဒေါ်အောင်ဆန်းစုကြည်နေအိမ်အား မတ်လ ၂၀ ရက် နံနက်ပိုင်းတွင် လေလံတင်‌ရောင်းချမည်ဖြစ်ပြီး လေလံဆွဲနိုင်ကြောင်း ကြေညာ

Pro-democracy opposition leader Aung San Suu Kyi and US Secretary of State Hillary Clinton (L) walk through the garden after their meeting at Suu Kyi's residence in Yangon on December 2, 2011. Clinton Suu Kyi said she was confident about prospects for democratic reforms in Myanmar, after talks with Clinton during a landmark visit. AFP PHOTO / POOL / Saul LOEB (Photo by SAUL LOEB / POOL / AFP)

Photo: AFP

001

မဇ္ဈိမ။ ။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သော ခြံအမှတ် (၅၄) အား လာမည့် မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ၎င်းပစ္စည်းတည်ရှိရာအရပ်၌ လေလံတင်ရောင်းချမည်ဖြစ်သည့်အတွက် လေလံဆွဲဝယ်ယူနိုင်ကြောင်း ကမာရွတ်ခရိုင်တရားရုံးကြော်ငြာသင်ပုန်းတွင် ကြေညာထားသည်။

ခြံအမှတ် (၅၄)ကို လေလံကြမ်းခင်းဈေး ငွေကျပ် (၃၁၅,၀၀၀,၀၀၀,၀၀၀) စာဖြင့် ငွေကျပ်သိန်းပေါင်း သုံးသန်းတသိန်းငါးသောင်းဖြင့် ​လေလံတင်ရောင်းချရန် စစ်ကောင်စီထိန်းချုပ်ထားသော ကမာရွတ်ခရိုင်တရားရုံးက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က အမိန့်ချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခြံကို ကိုယ်တိုင်သော်လည်းကောင်း၊ တရားဝင်လွှဲအပ်သည့် ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း လေလံဆွဲဝယ်ယူနိုင်ကြောင်း ရေးသားထားသည်။

အဆိုပါ လေလံတင်ရောင်းချရန် ကြော်ငြာစာကို ကမာရွတ်ခရိုင်တရားရုံး ခရိုင်တရားသူကြီးက ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံမှန်အားဖြင့် ယခုကဲ့သို့စာကို နိုင်ငံပိုင်သတင်းစာများတွင်ကြေညာရလေ့ရှိသော်လည်း အကျဉ်းကျခံနေရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်လေလံတင်မှုကတော့ သတင်းစာများတွင် ပါမလာဘဲဖြစ်နေသည်။

လာမည့် မတ်လ ၂၀ ရက်နေ့တွင် နှစ်ဧကနီးပါးရှိသည့် မြေကွက်ကြီးနှင့် မြေပေါ်ရှိ အဆောက်အဦများအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်ကို လေလံပစ်မည်ဖြစ်ကြောင်း တရားရုံးက ကြေညာထားသည်။

လေလံရောင်းချမည့် စည်းကမ်းချက် ခုနှစ်ချက်ကိုလည်း သတ်မှတ်ထားပြီး ဈေးနှုန်းအမြင့်ဆုံးဝယ်ယူသူအား လေလံဆွဲဝယ်ယူသူအဖြစ်သတ်မှတ်မည်ဖြစ်သော်လည်း အမြင့်ဆုံးပေးသည့်ဈေးနှုန်းမှာ ရောင်းချသည့် ပစ္စည်းအတွက် လက်ခံရန် မသင့်ကြောင်း ရောင်းချသူအရာရှိက ထင်မြင်လျှင် လက်မခံဘဲ ငြင်းပယ်ပိုင်ခွင့်ရှိကြောင်းအချက်လည်း ပါဝင်သည်။

ထို့ပြင် ​လေလံဆွဲဝယ်ယူပြီးသည်နှင့် တပြိုင်နက် ၂၅ ရာခိုင်နှုန်း ​နေ့ချင်း​ပေးသွင်းရန်၊ ​လေလံဆွဲဝယ်ယူသူများအ​နေဖြင့် ​ရောင်းချသည့် အရာရှိကသတ်မှတ်ထားသည့် စ​ပေါ်​ငွေကို တင်သွင်းမှသာ ​လေလံဆွဲဝယ်ယူခွင့်ရှိရန်၊ ၂၅ ရာခိုင်နှုန်း ​ပေးသွင်းပြီး​နောက် ကျန်​ငွေများကို ​လေလံတင်​ရောင်းချသည့်​နေ့ကို ပယ်၍ ၁၅ ရက်​မြောက်​နေ့တွင် ​ပေး​ဆောင်ရန် စသည့်အချက်များလည်း ပါရှိသည်။

လေလံကျန်ငွေများကို အဆိုပါ နေ့ရက်များတွင် ပေး​ဆောင်ရန် ပျက်ကွက်ပါက ပစ္စည်းကို တဖန်လေလံတင်ရောင်းချမည်ဖြစ်ပြီး ပေးသွင်းထားသည့် လေလံငွေများကို ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဟုလည်း ဖော်ပြထားသည်။

ဒေါ်ခင်ကြည်အမည်ပေါက် ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းသည့် ခြံအမှတ် ၅၄ ခြံဝန်းတခုလုံးကိုလေလံပစ်ပြီး ရရှိသည့် တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန်၊ ဒေါ်ခင်ကြည်မသေဆုံးခင်က ၎င်း၏ တူဖြစ်သူ ဦးခင်မောင်အေးကို အမွေပေးခဲ့သည့် ခြံအမှတ် ၅၄ ထဲရှိ အိမ်တလုံးနှင့် မြေကိုပါ ထည့်သွင်းခွဲဝေရန် ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အတိုင်း တရားရုံးက အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

ယခင်က ခြံအမှတ် ၅၄ ရှိ နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း ၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်းခွဲဝေယူရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်တွင် အမိန့်ချမှတ်ထားခြင်းဖြစ်သည်။

သို့သော် ဦးအောင်ဆန်းဦးက အဆိုပါ အမိန့်အပေါ် မကျေနပ်သည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံ အဆင့်ဆင့်တက်ခဲ့ပြီး ပယ်ချခံခဲ့ရသော်လည်း အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ၎င်း၏ လျှောက်ထားချက်အတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခြံအမှတ် ၅၄ မှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုအတွက် အစိုးရက ပေးအပ်ခဲ့သည့် နေအိမ်ဖြစ်ပြီး နိုင်ငံတကာခေါင်းဆောင်များလာရောက်ခဲ့ဖူးသည့်အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း နေအိမ်အကျယ်ချုပ် ၁၅ နှစ် နီးပါးကာလကို ဖြတ်သန်းခဲ့ရသည့် နေရာလည်းဖြစ်သည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အဆိုပါ ခြံအမှတ် ၅၄ ကို ကြားကာလအမျိုးသားအဆင့်ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်ထားပြီး တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ဆက်စပ်ဉပဒေများဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။