တရုတ်မှာ မက်ဆီနဲ့ ပတ်သက်တဲ့ ဝေဖန်မှုမြင့်တက်လာခြင်းကြောင့် အာဂျင်တီးနား ခြေစမ်းပွဲကို ဟန်ကျိုး ဖျက်သိမ်း

ပြီးခဲ့တဲ့ တပတ်က ဟောင်ကောင်ရှိ အင်တာမိုင်ယာမီပွဲစဉ်မှာ လီယွန်နယ် မက်ဆီ ပါဝင်မကစားနိုင်တာကို ဆန့်ကျင်တဲ့ ရှုတ်ချမှုတွေ ကြီးထွားလာတဲ့ကြားက လာမယ့်လမှာ အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယားတို့ ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲစဉ်ကို တရုတ်အားကစားအာဏာပိုင်တွေက ဖျက်သိမ်းလိုက်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဘေဂျင်းမှာ အိုင်ဗရီကို့စ်နဲ့ မတွေ့ဆုံခင် လာမယ့်လမှာ တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ နိုင်ဂျီးရီးယားနဲ့ ကစားဖို့ စီစဉ်ထားပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဟောင်ကောင်ရှိ အင်တာမိုင်ယာမီအသင်းအတွက် မက်ဆီ ဝင်ရောက်မကစားခဲ့တာကြောင့် ပရိသတ်တွေအကြား ဒေါသ ထွက်ပေါ်စေခဲ့တာပါ။

အာဂျင်တီးတိုင်းသားဟာ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပေမဲ့ ရက်ပိုင်းအကြာ ဂျပန်မှာ ကစားပြီးတဲ့နောက်မှာတော့ ဟောင်ကောင်ပွဲစီစဉ်သူတွေက သူတို့ဟာ လက်မှတ်အတွက် ပရိသတ်တွေကို ၅၀ ရာခိုင်နှုန်း ပြန်အမ်းပေးမယ်လို့ ပြောပါတယ်။

ဝေဖန်တုံ့ပြန်မှုတွေ မြင့်တက်လာတာနဲ့အတူ နိုင်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ရဲ့ ခြေစမ်းပွဲကို ကျင်းပတော့မှာ မဟုတ်ကြောင်း ဟန်ကျိုး အားကစား အာဏာပိုင်တွေက သောကြာနေ့မှာ ပြောလာပါတယ်။

“အသင်းဟာ ဟန်ကျိုးမြို့မှာ ဒီနှစ်မတ်လမှာ ချစ်ကြည်ရေးပွဲကစားဖို့ စီးပွားဖြစ်ပွဲစဉ်တပွဲအနေနဲ့ ကုမ္ပဏီတခုနဲ့ အာဂျင်တီးနားဘောလုံးအသင်းတို့က ညှိနှိုင်းခဲ့ကြပါတယ်”လို့ ဟန်ကျိုးအာဏာပိုင်တွေက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“လက်ရှိ လူသိများနေတဲ့ အကြောင်းအရင်းတွေကြောင့်  ခြေစမ်းပွဲကျင်းပဖို့ အခြေအနေတွေက မသင့်လျော်သေးတဲ့အတွက် (ကျနော်တို့တွေ)က ဒီပွဲကို ဖျက်သိမ်းဖို့ အကဲဖြတ်အာဏာပိုင်တွေအရ ဆုံးဖြတ်ခဲ့တာပါ”

အိုင်ဗရီကို့စ်အသင်းနဲ့ ကစားမယ့် အာဂျင်တီးနားရဲ့ ခြေစမ်းပွဲကိုလည်း ဖျက်သိမ်းမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။