အရပ်သားများစစ်မှုထမ်းရန် ပြည်သူ့စစ်မှုထမ်းဉပဒေ ကို စစ်ကောင်စီအသက်သွင်း

001

မဇ္ဈိမ။ ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ (နအဖ) က ၂၀၁၀ ပြည့်နှစ်တွင် ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဉပဒေအား ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတ်မှတ်လိုက်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး လိုအပ်သည့် နည်းဉပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို စစ်ကောင်စီလက်အောက်ခံကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံက ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းတွင် ကြေညာသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဉပဒေကို ၂၀၁၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် နအဖက ပြဌာန်းခဲ့ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာတွင် စစ်ကောင်စီက အာဏာတည်ကြောင်း သတ်မှတ်လိုက်ခြင်းဖြစ်သည်။

နအဖက ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဉပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း ဆိုလိုထားသည်ကို တွေ့ရသည်။

ထို့ပြင် ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ်မပြည့်သေးသောနိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်းဆိုလိုကြောင်း သတ်မှတ်ထားသည်။

သို့သော် စစ်ကောင်စီအနေဖြင့်မူ မည်သို့သတ်မှတ်ရန်ရှိကြောင်း မသိရှိရသေးပေ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့အကြား နိုင်ငံတဝန်း နေရာအများအပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်အနေဖြင့် စစ်အင်အားပြုန်းတီးမှုများ၊ နယ်မြေဆုံးရှုံးမှုများဖြင့် ကြုံတွေ့နေရချိန်တွင် ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်သည်။