ထိုင်းနိုင်ငံ၏ထောက်ပံ့ကူညီမှုများပေးအပ်စဉ် စစ်ကောင်စီတိုက်လေယာဉ်ပျံဝဲမှုကြောင့် စစ်ဘေးရှောင် များ ထွက်ပြေးရ

ထိုင်းနိုင်ငံမှပေးသည့် အကူအညီများ စစ်ဘေးရှောင်များထံ ပေးအပ်သည့် အခမ်းအနား

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ ကရင်စစ်ဘေးရှောင်များထံ ထိုင်းနိုင်ငံမှထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်စဉ် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် တစီးပျံဝဲမှုကြောင့် စစ်ဘေးရှောင်များထွက်ပြေးခဲ့ကြရကြောင်း KNU ဗဟိုက ယနေ့ မတ်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ လူနေအိမ်အတွင်း ဝင်ရောက် လုယက်၊ မီးရှို့၊ ဖျက်ဆီးမှုများကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ၊ နဘူးမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ ဒုံရင်းမြို့နယ် (သာမည) အတွင်းသို့ စစ်ဘေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၀,၀၀၀ အတွက် ထိုင်းနိုင်ငံအစိုးရက လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးခြင်း ဖြစ်သည်။

မတ်လ ၂၆ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇) နယ်မြေ၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ထိုင်းအစိုးရ၏အစီအစဉ်ဖြင့်ပေးသည့် ထောက်ပံ့ ပစ္စည်းများကိုပေးအပ်သည့် အခမ်းအနားသို့ စစ်ကောင်စီတိုက်လေယာဉ်တစီး အင်အားပြ ပျံဝဲလာခြင်း ဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုကဲ့သို့ စစ်ကောင်စီ၏တိုက်လေယာဉ်ပျံဝဲမှုကြောင့် အကူအညီရယူမည့် စစ်ဘေးရှောင်များ အပြေး အလွှားထွက်ပြေးခဲ့ကြရသည်ဟု KNU က ဆိုသည်။

ထိုင်းနိုင်ငံမှပေးအပ်သည့် ထောက်ပံ့ပစ္စည်း ၃၈၇၄ ထုတ်ကို ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၂) တံတားမှတဆင့် မြန်မာကြက်ခြေနီအသင်းထံသို့လည်းကောင်း၊ ထိုမှတဆင့် BGF ၊ KNU တပ်မဟာ(၇) တာဝန်ရှိသူများနှင့် ထိုင်း စစ်ဘက်တာဝန်ရှိသူအချို့က ဖားအံခရိုင်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူ များအကူအညီပေးရေးကော်မတီ (CIDKP)နှင့် ကျေးရွာလူမှုအဖွဲ့အစည်းများထံပေးအပ်ကာ CIDKP နှင့် လူမှုအဖွဲ့အစည်းများ၊ ကြက်ခြေနီနှင့် စစ်ကောင်စီမှတာဝန်ရှိသူအချို့က စစ်ဘေးရှောင်များထံဖြန့်ဝေပေး ခဲ့ကြကြောင်း KNU က ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာကြက်ခြေနီအသင်း(MRCS)သည် လူသားခြင်းစာနာထောက်ထားမှုအကူအညီအပေါ် နိုင်ငံ ရေးအရ အမြတ်ထုတ်ရန် အစဉ်နည်းလမ်းရှာကြံနေသည့် စစ်ကောင်စီ၏ အရန်တပ်ဖွဲ့ဖြစ်သဖြင့် လူသား ချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေးတွင် ကိုယ်စားပြုအနေဖြင့်ရှိနေခြင်းသည် ဒုက္ခ ရောက်နေသည့် ပြည်သူလူထု၏ စိတ်ခံစားချက်ကို ဥပေက္ခာပြုလိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။

အလှူရှင်နိုင်ငံများအနေဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ သက်ဆိုင်သူများအကြား ဘက် ပေါင်းစုံမှ သတင်းအချက်အလက်မျှဝေမှုနှင့် ညှိနိုင်းတိုင်ပင်မှုတို့ပြုလုပ်ပြီးမှာသာ ရှေ့ဆက် ကူညီထောက် ပံ့ရေးကိုစဉ်းစားကြရန် KNU က မေတ္တာရပ်ခံထားသည်။

စာတည်း။ ။စောဖေ