ရန်ကုန်-မန္တလေးမီးရထား အမှတ် ၃ အဆန်နှင့် ၄ အစုန် ပြန်ပြေးဆွဲမည်ဟုဆို

007

မဇ္စျိမ။ ။ လုံခြုံရေးမပေးနိုင်သောကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် ရန်ကုန်-မန္တလေးမီးရထား အမှတ်(၃)အဆန်နှင့် အမှတ်(၄)အစုန် ရထားနှစ်စင်းကို မနက်ဖြန်ဒီဇင်ဘာလ ၃၀ရက်မှစ၍ ပြန်ပြေးဆွဲပေးသွားမည်ဟု မန္တလေးဘူတာကြီးဝန်ထမ်းများနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသည်။

“၃ အဆန်နဲ့ ၄ အစုန် ပြန်ပြေးဆွဲမယ်။ ပုံမှန်အတိုင်းတော့မဖြစ်သေးဘူး။ နေ့ရထားတွေပဲရှိဦးမှာ” ဟု မန္တလေးဘူတာကြီး မီးရထား၀န်ထမ်းအသိုင်းအ၀ိုင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့မှစ၍ ပြန်ပြေးဆွဲပေးသွားမည်ဟု ယနေ့ ဒီဇင်ဘာလ ၂၉ရက်နံနက်ပိုင်းတွင် စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ပြန်ကြောင်း၊ သို့ရာတွင် မီးရထားစီးခရီးသွားများမျှော်လင့်နေကြသလို ညရထား (ညနေထွက်မနက်ဆိုက်ရောက်) ပြန်လည်ပြေးဆွဲနိုင်ခြင်းမရှိသေးဟု ၎င်းက ပြောသည်။

ရန်ကုန်-မန္တလေးမီးရထား ခရီးစဉ်များကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှစ၍ တရက်လျှင်အစုန်တစင်းအဆန်တစင်းဖြင့်ပြေးဆွဲသွားမည်ဟု စစ်ကောင်စီက ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်အရ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် နံနက်ပိုင်းထွက်သည့်နေ့ရထားအစုန်တစင်း၊အဆန်တစင်းသာရှိတော့မည်ဖြစ်ရာ ခရီးသွားများအတွက် အဆင်မပြေကြကြောင်း သိရသည်။
ဝေဖန်မှုမျိုးစုံဖြစ်ပေါ်လာပြီးနောက် ရပ်ဆိုင်းထားသည့်ရထားနှစ်စင်းအား စစ်ကောင်စီကပြန်လည်ပြေးဆွဲမည်ဟု ကြေညာခြင်းဟု သိရသည်။

“မနက်အစောကြီးထွက်ပြီး ညကြီးမိုးချုပ်ဆိုက်ရောက်တာမျိုးက ဘယ်လိုမှအဆင်မပြေပါဘူး။ ဆိုက်ရောက်ချိန်တွေက ပေါ်တာဆွဲမှာစိုးရိမ်ရတဲ့အချိန်တွေဆိုတော့ အဆင်မပြေဘူး။ အခုပြန်ဆွဲပေးမယ်ဆိုတဲ့ ရထားကလည်း နေ့ရထား(မနက်ထွက်ညဆိုက်ရောက်)ပဲဆိုတော့ ဖြစ်နိုင်ရင် ညရထားတစင်းလောက်တော့ ပြန်ဆွဲပေးစေချင်တယ်” ဟု မီးရထားဖြင့်ခရီးသွားလာနေသည့်မန္တလေးမြို့ခံ တဦးကပြောသည်။

ရန်ကုန်-မန္တလေးမီးရထားလမ်းပိုင်းတွင် ယခင်က အမှတ်(၃)အဆန်အမှတ်(၄)အစုန်၊ အမှတ်(၅)အဆန် အမှတ်(၆)အစုန်နှင့် လော်ကယ်ရထားဟူ၍ ညနေပိုင်းတွင်ထွက်ခွာကာ နောက်တနေ့နံနက်တွင်ဆိုက်ရောက်သည့်ရထားများပြေးဆွဲခဲ့သည်။

ပြီးခဲ့သည့်ဒီဇင်ဘာလ ၁၃ ရက်နေ့က ပဲခူးတိုင်း ကျောက်တံခါးဘူတာနှင့်ပိန်းဇလုတ်ဘူတာကြား ရထားလမ်းဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ရန်ကုန်-မန္တလေးမီးရထားခရီးစဉ်များကို ယာယီဖျက်သိမ်းလိုက်သည်။

ထို့နောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးမူလအတိုင်းပုံမှန်ပြေးဆွဲရန်စီစဉ်ခဲ့ သော်လည်း အခြေအနေမပေးသဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှစ၍ အစုန်အဆန်တစ်စင်းစီဖြင့်သာပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံမြန်မာ့မီးရထားကကြေညာခဲ့သည်။
ထို့နောက် နောက်ထပ်တစင်းထပ်မံပြေးဆွဲရန် ယနေ့ညွှန်ကြားခြင်းဟု သိရပြီး တရားဝင်သတင်းထုတ်ပြန်ချက်ကိုမူ မတွေ့ရ‌သေးပေ။

လတ်တလောအခြေအနေအရ ဒီဇင်ဘာလ ၃၀ ရက်နေ့မှစ၍ ရန်ကုန်-မန္တလေးမီးရထားလမ်းပိုင်းတွင် အမှတ် (၃)အဆန်နှင့် အမှတ်(၄)အစုန်အမြန်ရထားသည် ရန်ကုန်နှင့်မန္တလေးဘူတာကြီးတို့မှ နံနက် ၅ နာရီတွင်ထွက်ခွာပြီး ဆိုက်ရောက်ချိန် ည ၁၁ နာရီ ၅၀ မိနစ်ဖြစ်ကြောင်း၊ အမှတ်(၅)အဆန်နှင့်အမှတ်(၆)အစုန်အမြန်ရထားသည် ရန်ကုန်နှင့်မန္တလေးဘူတာကြီးတို့မှ နံနက် ၄ နာရီ ၃၀ မိနစ်တွင်ထွက်ခွာပြီးဆိုက်ရောက်ချိန် ည ၉ နာရီ ၃၀ မိနစ်ဖြစ်ကြောင်းသိရသည်။

စာတည်း – အေးချမ်း