ရခိုင်အဆိုတော် ၁ ဦးနှင့် သတင်းထောက် ၁ ဦး အပါအဝင် အရပ်သား ၉ ဦးကို စစ်ကောင်စီ သတ်ဖြတ်

001

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် အခြေစိုက်သည့် စစ်ကောင်စီ တပ်ရင်းများတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အရပ်သားကိုးဦး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့နှင့် ၃၁ တို့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ရက်စွဲဖြင့် တရားဝင် ထုတ်ပြန်သည်။

သတ်ဖြတ်ခံရသူများမှာ ရခိုင်အဆိုတော် ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ သတင်းသမား (ဟောင်း) ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်း၊ ကိုညီညီအောင် (ခ) အောင်ဇော်ဝင်းနှင့် ဦးကျော်ညွန့်တို့ဖြစ်ကြောင်း AA က ထုတ်ပြန်သည်။

ရသေ့တောင်မြို့နယ်မှ ကိုညီညီအောင်နှင့် မင်းပြားမြို့နယ်မှ ဦးကျော်ညွန့်တို့ကို ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် မင်းပြားအခြေစိုက် စစ်ကောင်စီတပ်၏ ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည့် တပ်ရင်းအချုပ်ခန်းထဲမှာပင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဖမ်းဆီးခံ သတင်းသမား ကိုမြတ်သူထွန်းနှင့် အဆိုတော် ကိုရင်ဆို့ အပါအဝင် ခုနစ်ဦးကိုမြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်၏ ခမရ (၃၇၈) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးက ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တပ်ရင်းအချုပ်ခန်းအတွင်း၌ပင် ပစ်သတ်ခဲ့ပြီး ရုပ်အလောင်းများအား မြောက်ဦးမြို့ဆေးရုံအနီး ဗုံးခိုကျင်းထဲ၌ မြှုပ်နှံကာ အလောင်းဖျောက်ဖျက်ခဲ့ကြကြောင်း AA က ထုတ်ပြန်သည်။

သတ်ဖြတ်ခံလိုက်ရသူများအနက် ကိုမြတ်သူထွန်းသည် DVB သတင်းထောက်ဟောင်းတဦးဖြစ်ပြီး ကိုရင်ဆို့သည် ရခိုင်နိုင်ငံရေး အခြေအနေများကို ရခိုင်ဘာသာဖြင့် သီချင်းဖန်တီး သီဆိုရင်း လူသိများလာသူဖြစ်သည်။

၎င်းတို့သည် နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က) ဖြင့် တရားရင်ဆိုင်ရေသူများဖြစ်သည်။

မြောက်ဦးမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် သတ်ဖြတ်မြေမြှုပ်ခံထားရသော ၎င်းတို့၏ ရုပ်အလောင်းများကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများအား မတရား ဖမ်းဆီးသတ်ဖြတ်သည့် စစ်ရာဇဝတ်မှုကျူးလွန်သော အလားတူ လုပ်ရပ်ပေါင်းများစွာကို ရခိုင်နှင့် ပလက်ဝဒေသအပြင် မြန်မာနိုင်ငံအနှံ့အပြားတွင် ဗြောင်ကျကျ ဆက်တိုက်ကျူးလွန်နေကြောင်းလည်း AA ထုတ်ပြန်ချက်တွင် ပြောထားသည်။

အရပ်သား ကိုးဦးကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူများအား ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးသွားမည်ဖြစ်ပြီး ကျူးလွန်ခံရသော ကာယကံရှင်နှင့် မိသားစုများအတွက် တရားမျှတမှု ရရှိအောင် ထိရောက်ပြတ်သားစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း AA က ပြောထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို AA က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားသည်။

စာတည်း။ ။ နောင်နောင်