ရေတာရှည်မြို့နယ် ကံလှရွာမီးရှို့ခံရပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

001

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ ကံလှကျေးရွာတွင် ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းအချိန်က နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

“စစ်ကောင်စီတပ်ဖွဲ့က ရှို့တာ။ ညာသံပေးပြီးတော့ကို ရွာကိုဆဲပြီးတော့မှကို ရှို့တာ။ တိုက်ပွဲက ကိုးရက်နေ့မှာ ရေပြားကုန်းမှာဖြစ်တယ်။ ဆယ်ရက်နေ့မှာ ကံလှရွာထဲမှာ ဖြစ်တယ်” ဟု ဒေသခံကပြောသည်။

ကံလှကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀ ကျော် မီး‌လောင်ပျက်စီးသွားသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၅နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို ည ၈ နာရီခန့်တွင် စတင်မီးရှို့ခဲ့ရာ နံနက်အစောပိုင်း ၁ နာရီခန့်အထိ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးခန့်သေဆုံးပြီး ၁၄ ဦးခန့် ဒဏ်ရာရရှိကာ ကာကွယ်ရေးအဖွဲ့များဘက်မှ ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေများနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် ကံလှရွာမှ ဒေသခံများသည် ဝါးရုံတဲ၊ သဲကော စသည့်ကျေးရွာများသို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

“ကျွန်တော်တို့လည်း အခုလက်ရှိအထိ ရွာထဲကို ပြန်မသွားရဲသေးဘူး။ ရွာထဲက ကျွဲတွေ နွားတွေလည်း သေကုန်တယ်။ ဝက်တွေလည်းသေကုန်တယ်။ ပြီးတော့ အိမ်တွေက ပစ္စည်းတွေကိုလည်း အကုန်လုံးသူတို့ (စစ်ကောင်စီတပ်သား)ကားနဲ့အကုန်တင်ပြီးတော့ ရွာထဲက ကားတွေလည်း ယူသွားတယ်။ အကုန်သယ်ပြီးပြီ လိုချင်တဲ့ပစ္စည်း ယူပြီးပြီဆိုမှ အကုန်မီးနဲ့ရှို့ခဲ့တာ။ အဘွားအိုတဦး သေဆုံးတယ်ဆိုတာကတော့ သေတယ်လို့သာ သတင်းကြားသေးတာ ကျွန်တော်တို့လည်း အခုထိစစ်ဘေးရှောင်တွေကလည်း ဟိုရွာရောက် ဒီရွာရောက်ဆိုတော့ အတိအကျတော့ မသိသေးဘူး”ဟု ကံလှရွာ ဒေသခံက ပြောသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၅၀ ဝန်းကျင် အကွာအဝေးရှိသည့် ရေတာရှည်မြို့နယ်အတွင်းရှိ ကံလှရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်က အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲကာ ကံလှရွာသို့ အင်အား ၈၀ ခန့်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ကံလှရွာအား မီးရှို့ပြီးနောက် တပ်ပြန်ဆုတ်သွားပြီး အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံ ၂၅၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကြောင်း သိရသည်။

Data for Myanmar ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများကြောင့် နိုင်ငံတဝန်း အရပ်သားနေအိမ် ၇၈,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ