မြန်မာ့အရေး အမေရိကန်-ထိုင်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ဆွေးနွေး

မြန်မာနိုင်ငံ အကျပ်အတည်းကိစ္စ ဆွေးနွေးဖို့အတွက် ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဝါရှင်တန် ဒီစီမှာ တွေ့ဆုံကြမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပန်ပရီ ဘာဟင်ဒရာ နူကရာဟာ အခု ဖေဖော်ဝါရီ ၁၂ မှာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားကာ မြန်မာ့အရေးအပါအဝင် နှစ်နိုင်ငံ အရေးကိစ္စတွေကို အဓိကထားဆွေးနွေးသွားဖို့ရှိတယ်လို့ ထိုင်းကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ဖိတ်ခေါ်ချက်အရ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နိုင်ငံကို ဖေဖော်ဝါရီ ၁ဝ ရက်ကနေ ၁၂ ရက်အထိ သွားရောက်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ က နေရပ်စွန့်ခွာသူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးကို ဦးဆောင်လုပ်ကိုင်နေတဲ့နိုင်ငံဖြစ်ပါ တယ်။

အမေရိကန်ကို ခရီးမထွက်ခင် ဝန်ကြီး ပန်ပရီ ဟာ ထိုင်း မြန်မာနယ်စပ်က မဲဆောက်မြို့ကို သွားရောက်ခဲ့ပြီး မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့ အကူအညီပေးရေးနေရာတခု နယ်စပ်မှာ ထားရှိနိုင်ဖို့ လေ့လာခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း မငြိမ်သက်မှုတွေကြောင့် နယ်စပ်တလျှောက် လက်နက်ကိုင်အုပ်စုတွေ များပြားလာပြီး ရင်းနှီးမြှပ်နှံမှုနဲ့ စီးပွားရေး အကျိုးစီးပွားတွေ ထိခိုက်မှာ စိုးရိမ်တယ်လို့ မဲဆောက်မြို့မှာ ဝန်ကြီး Parnpree ကပြောကြားသွားခဲ့ပါတယ်။

မြန်မာဒုက္ခသည် ၂ သောင်းအတွက် အစားအသောက်နဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေကို မတ်လမှာ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတဆင့် ပို့ဆောင်ပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ထိုင်းမှာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆန် အာဏာရလာချိန် ကတည်းက အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့အတွက် ချဉ်းကပ်ပုံ မဟာဗျူဟာ အပြောင်းအလဲတွေ ရှိခဲ့ပြီး လူသားချင်း စာနာမှု အထောက်အပံ့ ကဏ္ဍကို ပိုမို အားပေး လုပ်ဆောင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ထိုင်းရဲ့ အစီအမံတွေဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ချိတ်ဆက်ပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။

အာဆီယံအဖွဲ့ကလည်း မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပေးမယ့်အစီအစဉ်ကို သဘောတူထောက်ခံထားကြောင်း သိရပါတယ်။

ဘလင်ကင်နဲ့ ပန်ပရီတို့ဟာ ဆန်ဖရန် ဆစ္စကိုမှာ မနှစ်က ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်တွေ ညီလာခံတုန်းက နောက်ဆုံး တွေ့ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ထိုင်း ဝန်ကြီး ပန်ပရီ ဟာ ဇန်နဝါရီလက ဆွစ်ဇာလန်နိုင်ငံ Davos မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ နိုင်ငံတကာက အဆင့်မြင့်အရာရှိတွေနဲ့ သီးခြားတွေဆုံပြီး မြန်မာ့အရေး သီးသန့်ဆွေးနွေးခဲ့ပါတယ်။

အခုသူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံခြားရေးရာ အမေရိကန် အထက်လွှတ်တော်အမတ်တွေနဲ့လည်းတွေ့ဖို့ အစီအစဉ်ရှိပါတယ်။

ပန်ပရီဟာ ဝါရှင်တန် ခရီးစဉ် မတိုင်ခင်တုန်းကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျက်ခ်ဆူလီဗန်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ၎င်းရဲ့အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး၊ အမေရိကန် လွှတ်တော်အမတ်တွေ၊ အမေရိကန်သမ္မတရဲ့လက်ထောက်အကြံပေးတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။