စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအပေါ် ဝေဖန်မှုများမြင့်တက်

နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညမှာ ကြေညာလိုက်ပြီးနောက် ဝေဖန်မှုတွေရှိလာနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူတွေကို အတင်းအကျပ်စစ်မှုထမ်းခိုင်းတာဟာ စက်ဆုတ် ရွံရှာဖွယ်ဖြစ်ပြီး မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို ပိုပြီးဖျက်ဆီးလိုက်တာဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

န.အ.ဖ စစ်အစိုးရ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အာဏာတည်စေမယ်လို့ အမိန့်ကြော်ငြာစာထုတ်ခဲ့တာနဲ့ပတ်သက်ပြီး ယာယီသမ္မတက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာပါ။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် အမိန့်နဲ့ ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ စစ်ခေါင်းဆောင် နဲ့ စစ်ကောင်စီအတွက် နိဂုံးရဲ့ အဆုံးသတ် ဖြစ်တယ် လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ခေါင်းဆောင်းတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း ပြောပါတယ် ။

KIO/KIA ဟာနွေဦးတော်လှန်ရေး အစကတည်းက ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တဲ့ ၊တော်လှန်ရေးကိုဦးဆောင်ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ် ။

စစ်မှုထမ်းဖို့ အဓမ္မဆင့်ခေါ်တာတွေကို လွတ်မြောက်နယ်မြေထွက်လာတဲ့ နည်းလမ်းအပြင် တခြားနည်းလမ်းတွေနဲ့ ဆန့်ကျင်တွန်းလှန်ကြဖို့ ၈၈ မျိုးဆက် ကိုမင်းကိုနိုင်ကလည်း တိုက်တွန်းထားပါတယ်။

စစ်တပ်ထဲ မဝင်ဘဲ အဖမ်းခံပြီး ထောင်ထဲဝင်လိုက်မယ်လို့ အလွယ်မတွေးစေချင်ဘဲ ထောင်ထဲဝင်မှ၊ ထောင်သားဖြစ်သွားမှ လူသားဒိုင်းအဖြစ်သုံးမှာကို နားလည်မယ်ထင်ကြောင်း သူ့ရဲ့လှုမှုကွန်ရက်ကနေ ပြောထားပါတယ်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်မှာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ထုတ်ပြန်ကြေညာခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်ကြောင်း လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဥပ‌ဒေမှာတော့ အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်ပြည်ပြီး ၃၅ နှစ် မပြည့်သေးတဲ့သူ၊ အမျိုးသမီးဖြစ်ရင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ် မပြည့်သေးတဲ့သူ နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။

ဒီဥပဒေအရ စစ်တပ်မှာ နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး စစ်ကောင်စီက စက်မှုလက်မှုပညာသည်တွေအဖြစ် ဆင့်ခေါ်ခံရသူတွေဆိုရင်တော့ သုံးနှစ်အထိ စစ်မှုထမ်းရမယ်လို့သတ်မှတ်ထားသလို နိုင်ငံတော်အရေးပေါ် အခြေအနေဖြစ်ရင်တော့ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုနေမယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပေဒကို ပြဋ္ဌာန်းကျင့်သုံးရခြင်းဟာ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်ဖျက်ရန် ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက စစ်ကောင်စီသတင်းစာတွေမှာ ပြောကြားထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေမှာ ကျဆုံးဒဏ်ရာရသူတွေ၊ ဖမ်းဆီးခံရသူတွေ၊ လက်နက်ချ အညံ့ခံသူတွေ များလာတဲ့အတွက် စစ်ကောင်စီက ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ပြည်သူ့စစ်သင်တန်းအတွက် လူစုဆောင်းမှုတွေ ဆက်တိုက် လုပ်နေတာ ဖြစ်ပါတယ်။