စစ်မှုထမ်းဥပဒေအကောင်အထည်ဖော် ဆောင်ရွက်နေသူများကို အရေးယူမည်ဟု ချင်းပြည်အစိုးရ ထုတ်ပြန်

ချင်းပြည်အစိုးရ အစည်းအဝေးကျင်းပနေစဥ်/ဓါတ်ပုံ – Government Of Chinland

ပါခွီး

(မဇ္စျိမ) ။ ။စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှူးများနှင့် လူပုဂ္ဂိုလ်များကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်အစိုးရက ယမန်နေ့ မတ်လ ၂၅ရက်တွင်ထုတ်ပြန်သည်။

“အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ် ၊ ဒါက ချင်းပြည်အတွင်း ဆောင်ရွက်ရမယ့်ကိစ္စပါ ၊ ချင်းပြည်အတွင်းမှာတော့ ဆောင်ရွက်နိုင်မှာပါ” ဟု ချင်းပြည်အစိုးရ ဝန်ကြီးချုပ် ဦးပါထန်းက မဇ္စျိမကိုပြောသည်။

မည့်သို့အရေးယူဆောင်ရွက်သွားမည်ဆိုသည်ကို အသေးစိတ်ပြောဆိုခြင်း မရှိပေ။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့မှစ၍ အာဏာတည်စေရမည်ဟု ထုတ်ပြန်ကြေညာပြီး အတင်းအကျပ် စတင်အကောင်အထည်ဖော်နေမှုကို ကန့်ကွက် ရှုတ်ချကြောင်း ချင်းပြည်အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည် အာဏာနှင့် အကျိုးစီးပွားကို ကာကွယ်ရန် စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ် အသုံးချပြီး ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ခြောက်ခြားစေသည် ဟုဆိုသည်။

ချင်းပြည်မြို့တော် ဟားခါးအပါအဝင် မြို့အချို့တွင် စစ်ကောင်စီတပ်သည် အိမ်ထောင်စုစာရင်းများနှင့် စစ်မှုထမ်းရမည့်သူများ၏ စာရင်းများကို ကောက်ခံနေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီလက်အောက်၌ စစ်မှုမထမ်းလိုသော ချင်းလူငယ်များ ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော်ထံသို့ ဝင်ရောက်လာမှုများပြားလျက်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများထံက သိရသည်။

ယမန်နေ့ မတ်လ၂၅ ရက်ကလည်း ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့တွင် စစ်ကောင်စီအတွက် အဓမ္မစစ်သားစုဆောင်းရာတွင် ပါဝင်ကူညီလုပ်ကိုင်နေသည့် Non CDM ဝန်ထမ်း ငါးဦးကို PDF – Zoland က ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းထားသည်။

သတိပေးကြေညာချက်ကို မလိုက်နာဘဲ စစ်ကောင်စီအား တထောင့်တနေရာမှ ပူးပေါင်းပံ့ပိုးနေသူများအား သည်းခံနားလည်ပေးမှုသည် အကန့်အသတ်ရှိကြောင်းနှင့် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း PDF – Zoland က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ