ကောလင်းမြို့ကို စစ်ကောင်စီ အပြည့်အဝမထိန်းချုပ်နိုင်သေး

ကောလင်းမြို့တစ်ခုလုံးကို ဖေဖော်ဝါရီလ ၁၀ ရက်မှာ အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီရဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပေမယ့် နေရာတချို့ကိုသာ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူထားနိုင်ခြင်းသာဖြစ်ကြောင်းသိရပါတယ်။

ကောလင်းမြို့ကို အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ မမှန်ကန်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေ ကပြောကြားထားပါတယ်။

လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကတော့ စစ်ကောင်စီတပ်ဟာ မြို့ပေါ်နေရာတချို့ကိုပဲ ထိန်းချုပ်ထားနိုင်သေးတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ကောလင်းမြို့ကို ပြန်လည်ရရှိဖို့ ဇန်နဝါရီလ ၂၇ ရက်ကစပြီး ထိုးစစ်ဆင်ခဲ့တာမှာ တိုက်ပွဲ ၁၈ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုရှိခဲ့သလို ဖေဖော်ဝါရီလ ၁၀ ရက်မှာတော့ မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေပြီလို့ ဆိုထားပါတယ်။

ခြေလျင်စစ်ကြောင်း အင်အား ထောင်ချီ အသုံး ပြုကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အများအသုံးပြုပြီး ထိုး စစ်ဆင်တိုက်ခိုက် နေပေမယ့် မြို့အနီအနားပတ်ဝန်းကျင်ကိုသာ ကပ်နိုင်ပြီး မြို့ကို သိမ်းပိုက်ထားနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှာ တိုက်ခိုက်သိမ်းယူခဲ့တာပါ။

NUG သိမ်းထားတဲ့ ကောလင်းမြို့ကို စစ်တပ်က တန်ပြန်ထိုးစစ် ၇ ရက်မြောက် ဆက်ထိုးနေပြီး နယ်မြေချင်း ထိစပ်နေတဲ့ ကန့်ဘလူမြို့နယ်မှာလည်း တိုက်ပွဲများပြင်းထန်နေကြောင်းသိရပါတယ်။

စစ်ကောင်စီက ကောလင်းမြို့ကို တိုက်ခိုက်ရန် ကန့်ဘလူမြို့မြောက်ဘက် မိုင် ၄၀ ခန့် အကွာရှိ ကိုးတောင်ဘို့ရွာ စစ်တပ်အထိုင်စခန်းနဲ့ ဝန်းသိုမြို့သို့ ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ် စစ်ကူစေလွှတ်နေကြောင်းသိရပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ကောလင်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ဒီလ အစောပိုင်းကစလို့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ကောလင်းဆေးရုံကို ဖေဖော်ဝါရီလ ၉ ရက်က စစ်ကောင်စီတပ်တွေ လာရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

ဒီအပြင် ကောလင်းမြို့အနီးတစ်ဝိုက်မှာ တိမ်းရှောင်နေတဲ့ ဒေသခံတွေလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရာထပ်မံရွှေ့ပြောင်းခဲ့ရကြောင်းသိရပါတယ်။

ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး ခြေလျင်စစ်ကြောင်း အင်အား အလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့် အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအတွင်းမှ ခမ်းပတ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တို့ကို NUG လက်အောက်ခံတပ်များက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။