ထီးလင်းနှင့် ဖျာပုံတွင် ငလျင်လှုပ်၊ ထိခိုက်ပျက်စီးမှုမရှိ

၂၀၂၃၊ ဇွန်လက မအူပင်မြို့တွင် လှုပ်ရှားခဲ့သည့်ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမြင်ကွင်း

ဂျူချန်း၊ ရွှေနွယ်

(မဇ္ဈိမ)။ ။မကွေးတိုင်း၊ထီးလင်းမြို့နှင့် ဧရာဝတီတိုင်း၊ဖျာပုံမြို့တွင် ယနေ့ နံနက်အစောပိုင်းက နာရီအနည်းငယ်ခြား၍ ငလျင်လှုပ်ရှားခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း ဒေသခံများထံမှသိရသည်။

ဖျာပုံမြို့နယ်နှင့် ထိစပ်‌နေသောပင်လယ်ပြင်တနေရာ၌ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၀၀ နာရီ ၂၈ မိနစ်တွင် အင်အားရစ်(ခ်)တာစကေး ၄ ဒသမ၂ အဆင့်ငလျင်လှုပ်ရှားခဲ့သည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ထိခိုက်မှုမရှိကြောင်း ဖျာပုံမြို့ဒေသခံအချို့က မဇ္ဈိမကိုပြောသည်။

ထို့ပြင် ယနေ့ နံနက် ၃ နာရီ ၁၉ မိနစ်ခန့်တွင် ထီးလင်းမြို့၏ အနောက်တောင်ဘက် ၁၂မိုင် ခန့်အကွာကို ဗဟိုပြု၍ရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ငလျင်လှုပ်ရှားခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

“ လှုပ်တာ တကြိမ်လောက်ပါပဲ။ အရမ်းတော့မဟုတ်ဘူး။ ပျက်စီးထိခိုက်မှုမရှိပါဘူး” ဟု ထီးလင်းမြို့ဒေသခံတဦးပြောသည်။

ဖျာပုံမြို့၌ လှုပ်သော ငလျင်သည် မြေအနက် ၁၀ ကီလိုမီတာ (၆.၂ မိုင်ခန့်) ၌လှုပ်ရှားခဲ့ပြီး ထီးလင်းမြို့၌ လှုပ်သောငလျင်သည် မြေအနက် ၄၉ ကီလိုမီတာ (၃၀ မိုင်ခန့်)၌ လှုပ်ရှားသွားကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။ ငလျင်သည် မြေအနက်တိမ်သည့်နေရာ၌ လှုပ်ရှားလေ ပိုပြင်းထန်လေဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များကပြောသည်။

ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံပြည်တွင်းနှင့် အနီးဝန်းကျင်၌ အင်အားအနည်းငယ်အဆင့် ငလျင် လေးကြိမ်လှုပ်ရှားခဲ့ကြောင်းမြေငလျင်သတင်းများစင်တာ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးဖော်ပြထားသည်။

စာတည်း – အေးချမ်း