ထွေအုပ်ရုံး ထောက်ခံစာမပါသူများ ကျောက်ဖြူမှ ရန်ကုန်သို့ လေကြောင်းခရီးသွားခွင့်မပြု

ဓါတု(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့မှ ရန်ကုန်သို့ လေကြောင်းခရီးသွားလာလိုသူများသည် ထွေအုပ်ရုံးမှ ထောက်ခံစာလိုအပ်ပြီး ထောက်ခံစာမရှိပါက လေကြောင်းခရီးသွားလာခွင့်မပြုကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးတွင် ခရီးသွားရန် ခွင့်ပြုချက် ယူရမည်ဖြစ်ပြီး ထိုကန့်သတ်ချက်သည် ဖေဖော်ဝါရီလ ၁၅ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

“သံတွဲတော့ လောလောဆယ် မပါသေးဘူး။ ကျောက်ဖြူ-ရန်ကုန်ပဲပါသေးတယ်။ ဘာလို့ခွင့်ပြုချက်ယူဖို့နဲ့ ကန့်သတ်လိုက်တာလည်းဆိုတာတော့ မသိရဘူး ။ အထက်ကညွှန်ကြားထားတယ်ဆိုတာပဲ သိရတယ်”ဟု ရခိုင်ဒေသတွင်း လေယာဥ်လက်မှတ် အရောင်းအေးဂျင့်တခုမှ ဝန်ထမ်းကပြောသည်။

ကျန်းမာရေးမကောင်းသူများ၊ ပညာသင်ရန်ကျောင်းတက်နေသည့်သူများ၊ ခွင့်ပြုချက်ရရှိထားသည့် ဌာနဆိုင်ရာဝန်ထမ်းများကိုမူ လေကြောင်းသွားလာခွင့်ပြုမည်ဟုသိရသည်။

ထိုသို့ ကန့်သတ်ညွှန်ကြားထားကြောင်းကို ဖော်ပြထားသည့် Myanmar Airways International(MAI)၏ ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့စွဲဖြင့် အစည်းအဝေးမှတ်တမ်းသည်လည်း လူမှုကွန်ရက်တွင်ပျံ့နှံ့လျက်ရှိသည်။ ထိုမှတ်တမ်းကို MAI ၏ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်စာမျက်နှာတွင်တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ထိုမှတ်တမ်းတွင် လေယာဥ်လက်မှတ်ကြိုတင်ဝယ်ယူထားသူများကို သက်ဆိုင်ရာ လေကြောင်းလိုင်းနှင့် လေယာဥ်လက်မှတ်ရောင်းချသူ ကိုယ်စားလှယ်များက ထောက်ခံစာလိုအပ်ကြောင်းကို အကြောင်းကြားရမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့်အဆိုပါကိစ္စရပ်နှင့်ပက်သတ်၍ MAI လေကြောင်းလိုင်းဌာနသို့ မဇ္ဈိမဘက်မှ အတည်ပြုရန် ဖုန်းဆက်မေးမြန်းဆက်သွယ်သော်လည်း ဆက်သွယ်၍မရသေးပေ။

“လေယာဥ်နဲ့ ပေးမသွားတော့တဲ့စာက ဟုတ်တယ်ဗျ။ ကျွန်တော်တောင် ကပ်သီးလေးလွတ်လာတာ။ လက်မှတ်ကြိုဝယ်ထားတဲ့ မြို့မှာ ကျန်ခဲ့တဲ့သူတွေ ထွေအုပ်ရုံးကို ဘယ်လိုခွင့်ပြုချက် တောင်းရမလဲဆိုတာတော့ မသိရသေးဘူး”ဟု ကျောက်ဖြူမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ယင်းကန့်သတ်ချက်အား ကျောက်ဖြူမြို့တမြို့သာညွှန်ကြားထားခြင်းဖြစ်၍ စစ်တွေ၊ သံတွဲ၊ အမ်းမြို့မှ ရန်ကုန်မြို့သို့ လိုက်ပါစီးနင်းမည့် လေကြောင်းလိုင်းခရီးစဥ်များအား ညွှန်ကြားခြင်းမရှိသေးကြောင်း လက်မှတ်အရောင်းအေးဂျင့်ဌာနများနှင့် ဒေသခံများထံ သိရသည်။
“မိန်းကလေးတွေဆိုရင် ထောက်ခံစာရဖို့ ထွေအုပ်ရုံးကိုသွားပြီးသွားတင်ပြရတယ် သူတို့ခွင့်ပြုချက်နဲ့ပေးတယ်လို့သိရတယ် “ဟုကျောက်ဖြူမြို့ဒေသခံတဦးကဆိုသည်။

လက်ရှိတွင် စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် အမ်းမြို့တို့တွင် လေယာဥ်လက်မှတ်များ လာမည့် မတ်လကုန်ထိဝယ်ယူ၍ မရနိုင်တော့ကြောင်း ဒေသခံများနှင့် လေယာဥ်လက်မှတ် အရောင်းအေးဂျင့်ဆိုင်များထံက သိရသည်။

ထို့အပြင် လေယာဥ်လက်မှတ်ဝယ်လိုအားများပြီး အထွက်လမ်းကြောင်းသာ ပိုများနေသောကြောင့် အလုအယက်ဝယ်ယူနေကြသလို လေယာဥ်လက်မှတ်နှုန်းထားမှာလည်းပေါက်စျေး အဆမတန် မြင့်တက်နေသည်။

မဇ္ဈိမက လက်တလောလေယာဥ်လက်မှတ် မှောင်ခိုပေါက်စျေးများ စုံစမ်းကြည့်ရာ လက်မှတ်တစောင်နှုန်းထားမှာ စစ်တွေမြို့တွင် ၇၀၀,၀၀၀ ကျပ်အထက်၊ အမ်းမြို့တွင် ၅၀၀,၀၀၀ ကျပ်၊ ကျောက်ဖြူမြို့တွင် ၅၀၀,၀၀၀ ကျပ် အထက်ထိ မြင့်တက်လျက်ရှိကြောင်း ဝယ်ယူသူများထံက သိရသည်။

ရခိုင်ပြည်နယ်တွင် လေကြောင်းခရီးစဥ်လမ်းကြောင်းများအား မြန်မာ့အမျိုးသား လေကြောင်းလိုင်း(MNA)၊ ကမ္ဘောဇလေကြောင်းလိုင်း (KBZ) နှင့် မန်းရတနာလေကြောင်းလိုင်းများ ပြေးဆွဲလျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်နေရာ အနှံ့အပြားတွင် သုံးလတာကြာမြင့်လာတဲ့ တကျော့ပြန်တိုက်ပွဲများတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲအရှိန်မြင့်တက်နေပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်။ စစ်ကောင်စီဘက်မှရခိုင်ပြည်နယ်အား လေကြောင်းမှလွဲ၍ ကုန်းလမ်း၊ ရေလမ်းများအား ပိတ်ဆို့ထားခြင်းကြောင့် စစ်ကောင်စီတပ်အသိုင်းအဝိုင်းနှင့် ငွေကြေးတတ်နိုင်သည့် ဒေသခံအရပ်သားပြည်သူအများစုမှာ လေကြောင်းခရီးစဥ်ဖြင့် စစ်ဘေးတိမ်းရှောင်နေလျက်ရှိကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး