မှော်ဘီလေတပ်စခန်းအား ရှော့တိုက်ဒုံး ၅လုံးဖြင့်တိုက်ခိုက်၊ အထိအခိုက်များနိုင်ဟုဆို

မှော်ဘီလေတပ်စခန်းအား ရှော့တိုက်ဒုံး ၅လုံးဖြင့်တိုက်ခိုက်၊ အထိအခိုက်များနိုင်ဟုဆို

ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်းအား ယမန်နေ့ ညက ရှော့တိုက်ဒုံး ငါးလုံးဖြင့်တိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှုများပြားကြောင်း အတွင်းသတင်းရသည်ဟု မြို့ပြအထူးစစ်ဆင်ရေး(USO) ကသတင်းထုတ်ပြန်သည်။

မှော်ဘီလေတပ်စခန်းကို ယမန်နေ့အောက်တိုဘာလ ၂၂ ရက် ည၉ နာရီအချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

” အတွင်းသတင်းအရ တော်တော် ထိခိုက်ပျက်စီးမှုရှိတယ်လို့ကြားတယ်” ဟု USOသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။

တိုက်ခိုက်မှုအပြီးတွင် မှော်ဘီအနီးပတ်ဝန်းကျင် လူနေရပ်ကွက်များ၌ ရဟတ်ယာဉ်အနိမ့်ပျံသန်းပြီး မီးများထိုး၍ ရှာဖွေခဲ့သလို စစ်ဆေး‌ရေးဂိတ်များတွင်လည်း အရပ်သားများအား ဒူထောက်ခိုင်းပြီး စစ်ဆေးခဲ့သည်ဟု ၎င်းက ပြောသည်။

” ပေါက်ကွဲသံတွေက တအုံးအုံးနဲ့။ တော်တော်လေး ပြင်းတယ်” ဟု မှော်ဘီဒေသခံတဦးကပြောသည်။

အဆိုပါမစ်ရှင်အား မှော်ဘီလေတပ်စခန်းမှ အတွင်းသတင်းပေးသူ၏ ပူးပေါင်းကူညီမှုဖြင့်ဆောင်ရွက်နိုင်ခဲ့ခြင်းဟု USO က ထုတ်ပြန်ထားသည်။ ထို့အပြင် မစ်ရှင်ဖော်ဆောင်ခဲ့သော ရဲဘော်များ အန္တရာယ်ကင်းခဲ့ပြီး ဘေးကင်းရာသို ရောက်ရှိပြီဟု ဆိုသည်။

တိုက်ခိုက်မှုအပြီး ည ၁၀ နာရီဝန်းကျင်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ ဘုန်းကြီးကျောင်းကွေ့အနီးနှင့်ည ၁၁ နာရီခန့်တွင် သာကေတမြို့နယ် (၁၀)ရပ်ကွက်၌ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများရှိကြောင်းသိရသည်။ မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှုသည် အရပ်သားများနှင့် မဆိုင်ဘဲ ၎င်းတို့နှင့်သာ သက်ဆိုင်ကြောင်း USOသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ယခုစစ်ဆင်ရေးသည် Urban Special Operation -USO မဟာမိတ်အဖွဲ့များ၏ငါးကြိမ်မြောက် မြို့ပြအထူးစစ်ဆင်ရေးဟုသိရသည်။

ရန်ကုန်မြို့ပြတွင် မြို့ပြအထူးစစ်ဆင်ရေး(USO) အား စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ခဲ့ပြီး အောက်တိုဘာလ ၂၂ ရင်နေ့အအထိ ငါးကြိမ်မြောက် ဆောင်ရွက်ပြီးခဲ့ကြောင်း Urban Special Operation တယ်လီဂရမ်ချန်နယ်က ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း