စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ပြီးနောက်

ဒိုင်းနက်ရှင်

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ သုံးနှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဟာလည်းအပြင်း ထန်ဆုံးအခြေအနေကိုရောက်နေခဲ့တာပါ။ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အပြစ်မဲ့ပြည်သူဦးရေမှာလည်း သိန်းချီရှိလာခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးဦးရေမှာလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက် နေခဲ့တာပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းကအပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ အကြမ်းဖက် စစ်ဆင်ရေးကြောင့် အနည်းဆုံးပြည်သူ ၄,၄၀၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၂၅,၀၀၀ ကျော်အဖမ်းခံရကာ အရပ်သားနေအိမ် ၇၈,၀၀၀ ကျော်မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး နဲ့ကလေးငယ်တွေပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သုံးနှစ်အတွင်း လူပေါင်း ၁၈ သန်းကျော် လူသားချင်းစာနာမှု အကူ အညီလိုအပ်နေခဲ့ပြီး လူပေါင်း ၂ ဒဿမ ၆ သန်းကျော်နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရတဲ့အပြင် ဘာသာရေး အဆောက်အအုံတွေအပါဝင် အရပ်သားအဆောက်အအုံ ၈၆,၀၀၀ ကျော်ကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန်မှာပဲ စစ်ကောင်စီက နောက်ထပ် ခြောက်လသက်တမ်းတိုးပြီး တိုင်းပြည်အာဏာကို ထပ်မံထိန်းချုပ်ထားခဲ့တာတွေ့ရပါတယ်။ တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားရပြီး နယ်မြေတွေဆုံးရှုံးလာတဲ့ စစ်ကောင်စီဟာ ဇန်နဝါရီ ၃၁ ရက်မှာ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)အစည်းအဝေးထပ်ခေါ်ပြီး အရေးပေါ်ကာလ ခြောက်လသက်တမ်းကို ငါးကြိမ် မြောက်တိုးခဲ့တာဖြစ်ပါတယ်။  

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ အရေးပေါ်ကာလသက်တမ်း တစ်နှစ် ကြေညာတဲ့အပြင် နောက်ထပ် ခြောက်လသက်တမ်း သုံးကြိမ်တိုးခဲ့ပြီး အခုအခါ ပဉ္စမအကြိမ်သက်တမ်းထပ်တိုးခဲ့ တာဖြစ်ပါတယ်။ သက်တမ်းထပ်တိုးရာမှာ စစ်ကောင်စီခေါင်းဆောင်ကတော့ အကြောင်းပြချက်အနေနဲ့ တိုင်းရင်း သားလက်နက်ကိုင်နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်နေမှု၊ မူးယစ်ဆေးဝါးကိစ္စ၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေကို နှိမ်နင်းဖို့၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေမှု၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူဖို့နဲ့ တိုင်းပြည်ဟာ သာမန်အခြေအနေမဟုတ်ဘဲ လိုအပ်ချက်တွေ ဆက်လက်ဆောင် ရွက်ဖို့ဆိုပြီး အကြောင်းပြခဲ့တာဖြစ်ပါတယ်။ စစ်တပ်လက်စွဲ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)ကို သမ္မတ၊ ဒု-သမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားတာပါ။ အဲဒီလိုဖွဲ့စည်းထားပေမယ့် စစ်တပ်က အာ ဏာသိမ်းပြီးနောက် ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးထောင်ချထားသလို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့မပါဘဲ ကာ/လုံအစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင်ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ 

တစ်ဖက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်မြောက်ချိန်မှာ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် မဟာမိတ် တော်လှန်ရေး တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့အတူဆက်လက်တိုက်ပွဲ ဝင်သွားမယ့်အကြောင်းအပြင် နိုင်ငံရေးမှာစစ်တပ်ပါဝင်နေတာကိုအဆုံးသတ်ဖို့၊ အခြေခံဥပဒေအသစ်ရေးဆွဲဖို့အပါ အဝင် ဘုံသဘောထားရပ်တည်ချက်တွေကို ထုတ်ပြန်လာခဲ့တာတွေ့ရပါတယ်။ အဲဒီဘုံသဘောထားရပ်တည်ချက် ကို ဇန်နဝါရီ ၃၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ NUG၊ KNU ၊ KNPP နဲ့ CNF တို့ရဲ့ ဘုံသဘောထားရပ်တည်ချက်တွေမှာ စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ် တပ်ရဲ့ နိုင်ငံရေးမှာပါဝင်နေတာကို အဆုံးသတ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့၊ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့၊ သက်ဆိုင်သူတွေအားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းဖို့၊ ထွက်ပေါ်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်ကို တည်ဆောက်ဖို့၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူ တွေအတွက် တရားမျှတမှုရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ဖို့ စတဲ့အချက်တွေဖော်ပြထားပါတယ်။ ဒါ့အပြင် NUG ၊ KNU ၊ KNPP နဲ့ CNF တို့ရဲ့ ရပ်တည်ချက်အနေနဲ့  မြန်မာ စစ်တပ်ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဟာ တရားမဝင်ကြောင်းကြေညာပြီး အာဏာသိမ်းမှုကို အကြွင်းမဲ့ ဆန့်ကျင်ရှုတ်ချကြောင်းလည်းဆိုထားပါတယ်။  

တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုဟာ အာဏာရှင်စနစ် တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ စုပေါင်းပါဝင်ဦးဆောင်မှုနဲ့ နိုင်ငံသစ် တည်ဆောက်သွားဖို့ဖြစ်ပြီး စစ်တပ်ဟာ အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မရှိစေရေး လုပ်ဆောင်သွားမယ်လို့လည်း ဆိုထားပါတယ်။ အာဆီယံနဲ့ ကုလသ မဂ္ဂတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အဖြေရှာမှု လုပ်ငန်းစဉ်တွေမှာလည်း ညှိနှိုင်းပူးပေါင်းပါဝင်သွားမှာဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုဦးတည်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားမယ်လို့လည်း ဆိုထားတာပါ။ ဒါ့အပြင် စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ် အဆင့်တွေကိုလည်းဖော်ပြထားပါတယ်။ အဲဒီနိုင်ငံရေးမျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် မဟာဗျူဟာအရအရေးကြီးတဲ့ကဏ္ဍစုံမှာ ပူးပေါင်း ညှိနှိုင်းရေး ယန္တရားတွေ ဖွဲ့စည်းဆောင်ရွက်သွားမယ့်အကြောင်းကိုလည်း မဟာမိတ် တော်လှန်ရေးအဖွဲ့ လေးဖွဲ့က ထုတ်ပြန်ကြေညာထားခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့ လေးဖွဲ့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံ ဘုံသဘောထားရပ် တည်ချက် ထုတ်ပြန်လာပြီးမကြာခင်မှာပဲ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)ပါ အဲဒီရပ်တည်ချက်တွေကို သဘောတူညီလိုက်ပြီဖြစ်တယ်လို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောထားပါတယ်။ နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံ မြောက်ပိုင်းဧရိယာ ထဲက ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံ တောင်ပိုင်းဧရိယာထဲက ကရင်တိုင်းရင်းသား ခေါင်း ဆောင်တွေ၊ ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံ အရှေ့တောင်ဘက်က ကရင်နီတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုတွေကို စုစည်းပေါင်းစပ်နိုင်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ်ညီနောင်တွေ အပါ အဝင် တိုင်းရင်းသားအားလုံးပါဝင်လာရေးကို ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုခဲ့ပါတယ်။  

စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်လာချိန်မှာ စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တော် လှန်ရေးတပ်ဖွဲ့တွေဟာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲလာနိုင်ခဲ့ပြီး မြို့ပေါင်း ၃၆ မြို့နယ် အထိသိမ်းပိုက်လာနိုင်ခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့ စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ကောင်စီဘက်က တပ်စခန်းပေါင်းရာချီနဲ့ မြို့နယ် ၁၇ မြို့နယ်ကိုဆုံးရှုံးထားခဲ့တာလည်းဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို အရှိန်တင်ပေးနိုင်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ ရှမ်းမြောက်ကလွဲပြီး ကျန်ဒေသတွေမှာ စစ်ဆင်ရေး အရှိန်ကိုဆက်လက်မောင်းနှင်နေခဲ့တာတွေ့ရပါတယ်။ သုံးနှစ်တာကာလအတွင်း မြန်မာ့အကျပ်အတည်းအမြင့်ဆုံး ရောက်လာချိန်မှာ မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းပေဖို့တာဝန်ယူထားတဲ့ အရှေ့တောင်အာရှ ဒေသတွင်းအဖွဲ့ အစည်းဖြစ်တဲ့ အာဆီယံကတော့ ထူးမခြားနားလုပ်ဆောင်ချက်တွေနဲ့သာ အချိန်ကုန်နေခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် လာအိုနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်း အဝေးမှာ အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီချက် ငါးချက်ကိုသာဆက်ကိုင်စွဲထားဖို့ ထပ်လောင်းအတည်ပြုခဲ့ပြီး စာရွက်ပေါ်က ဖိအားပေးမှုတွေသာရှိနေခဲ့တာပါ။ ကုလလုံခြုံရေးကောင်စီကလည်း စစ်ကောင်စီအနေနဲ့ အရပ် သားတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုလုပ်တာတွေရပ်ဖို့၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့ဆိုတဲ့ ဖိအားပေး တောင်းဆိုမှုတွေထက် မပိုနိုင်သေးတာတွေ့နေရပါတယ်။ စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်က အသာရလာမှုတွေရှိလာပေမယ့် မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းကတော့ ကြိုးတန်းပေါ်လမ်းလျှောက်နေရဆဲအဆင့်မှာသာရှိနေခဲ့ပြီး ၂၀၂၄ ခုနှစ်ဟာ အဆုံးသတ်နှစ် ဖြစ်/မဖြစ်စောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။