အ‌မွေကိစ္စ စကားများ ရန်ဖြစ်ရာမှ နေအိမ်မီးရှို့မှု ဖြစ်ပွား

ကီရာ

(မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် (၄၄) ရပ်ကွက်၊ ရွေဇင် (၄) လမ်းတွင် ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီ ၄ မိနစ်ခန့်က နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမွေကိစ္စ စကားများ ရန်ဖြစ်ရာမှ မီးရှို့လိုက်ခြင်းဖြစ်ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

အဆိုပါ မီးလောင်မှုတွင် လူနေအိမ် သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဆိုသည်။

ညီအစ်ကိုများ အမွေကိစ္စ စကားများရန်ဖြစ်ရာမှ ညီဖြစ်သူက နေအိမ်ကို “ဓာတ်ဆီလောင်း မီးရှို့တာ” ဟု ရပ်ကွက်နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

“အစ်ကိုက အိမ်ရောင်းတာကို လက်မှတ်မထိုးပေးရာကနေ စဖြစ်တာ။ သူတို့က မိဘတွေ မရှိတော့ကတည်းက အိမ်ရောင်းမယ်ဆိုရင် အငယ်က အမြဲကန့်ကွက်နေတာ၊ ရောင်းဖို့လုပ်နေတာလည်း ခဏခဏ ရှိပြီ” ဟု အထက်ပါ ရပ်ကွက်နေထိုင်သူက ပြောသည်။

နေအိမ်ကို မီးရှို့သူသည် “စိတ်ကျန်းမာရေး မကောင်းဘူး” ဟု မြောက်ဒဂုံမြို့တွင် နေထိုင်သူ နောက်တဦးကလည်း ပြောပြီး “စိတ်ကျန်းမာရေးဆေးရုံမှာ ကုသနေရတာ” ဟု ဆိုသည်။

“သူက ဦးနှောက်နည်းနည်း အဆင်မပြေဘူး။ ရွာသာကြီးက ပြန်လာတာ လေးခါလောက်ရှိနေပြီ။ မီးလောင်တာလူတော့ အထိအခိုက်မရှိပေမယ့် အိမ်သုံးလုံးတော့ လောင်သွားတာ ဘာမှကို မကျန်တော့တာ”ဟု ၎င်းက ပြောသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်ဌာနမှ မိနစ် ၂၀ ကြာ မီးငြိမ်းခဲ့ရကြောင်း ထုတ်ပြန်ထားသည်။ မီးလောင်ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပေ။

ဓာတ်ပုံ- လူမှုကယ်ဆယ်ရေးအသင်း
စာတည်း။ ။ နောင်နောင်