ချင်းပြည်ကောင်စီ၊လွှတ်တော်နှင့်အစိုးရအဖွဲ့ ဝန်ထမ်းများစတင်ခေါ်ယူနေပြီး CDM များကို ဦးစားပေးခန့်မည်

မဇ္ဈိမ။ ။ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်‌တော်နှင့် ချင်းပြည်အစိုးရအဖွဲ့တွင် တာ၀န်ထမ်းဆောင်ရန်ဝန်ထမ်းများ ခေါ်ယူနေပြီး နွေဦးတော်လှန်ရေး CDM လှုပ်ရှားမှုတွင် ပါ၀င်သည့် ဝန်ထမ်းများကိုဦးစားပေးခေါ်ယူသွားမည်ဟုသိရသည်။

ချင်းကောင်စီရုံးတွင်ရှစ်ဦး၊ချင်းပြည်နယ်လွှတ်တော် ရုံးတွင်ငါးဦးနှင့်ချင်းပြည်အစိုးရအဖွဲ့ရုံးနှင့်ဝန်ကြီးချုပ်ရုံး အတွက်၄၅ဦး စုစုပေါင်း၅၈ဦးကိုခေါ်ယူလျှက်ရှိပြီး ရုံးအဖွဲ့မှူး၊ ဘဏ္ဍာရေးမှူး၊စာရင်းကိုင်၊ဝန်ထမ်းနှင့်ယာဉ်မောင်းရာထူးများပါဝင်သည်။

ဖေဖော်ဝါရီလ ၁၀ရက်မှ စတင်ခေါ်ယူခြင်းဖြစ်ပြီး စစ်ကောင်စီကို အာဏာဖီဆန်ရေး၌ပါဝင်ခဲ့သည့် CDM ဝန်ထမ်းများကို ဦးစားပေးခန့်အပ်သွားမည်ဟု သိရသည်။

ချင်းပြည် (Chinland)၏ မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် ချင်းပြည်အစိုးရ၊ချင်းပြည်လွှတ်တော်၊ ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ၃၁ရက်နေ့တွင်ချင်းပြည်နယ်၊ချင်းလုံမြို့၌ဖွဲ့စည်းခဲ့သည်။ ချင်းပြည်အစိုးရအဖွဲ့၌ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး စသည့် ဝန်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းထားသည်။ချင်းပြည်ဝန်ကြီးချုပ်အဖြစ် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အမတ်ပူးပါထန်းကိုခန့်အပ်ထားသည်။

စာတည်း – အေးချမ်း