မုံရွာနမခမှစစ်ကြောင်းက ဘုတလင်မြို့၊ကွင်းခြံရွာကို မီးရှို့ဖျက်ဆီး

မီးလောင်ပြာကျသွားသည့် နေအိမ်အချို့

လွှမ်းမိုး

(မဇ္စျိမ) ။ ။ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့နယ်မှ ကွင်းခြံ ကျေးရွာကို မီးရှို့ဖျက်ဆီးသွားရာ ဒေသခံ အိမ်ထောင်စု ၃၀ထက်မနည်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။

” မနေ့က နေ့လယ်ပိုင်းလောက်မှာ စပြီး စစ်တပ်က ရွာကိုမီးရှို့တာ ဖြစ်ပါတယ်။ အခုအချိန်ထိ ဒေသခံ တွေကတော့ ရွာကို ဘယ်သူမှ ပြန်မကပ်ကြသေး ဘူး။ မီးလောင်အိမ်ခြေ ၃၀ လောက်ရှိပါတယ်။ ဘာတခုမှရစရာမရှိအောင် အကုန်ပြာကျသွားတာ ဖြစ်တယ်” ဟု ဒေသခံတဦးကပြောသည်။

အင်အား ၈၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့နယ်တောင်ခြမ်းရှိ ကွင်းခြံ ၊ နုံးတန်း ၊ ထန်းတော ၊ အင်းတောကျေးရွာများကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်တွင် ဝင်ရောက်လာပြီး ကွင်းခြံကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဟု မဇ္ဈိမ၏မြေပြင်သတင်းထောက်က သတင်းပေးပို့သည်။

ကွင်းခြံကျေးရွာသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့်နီးပြီးအိမ်ခြေ ၂၀၀ ခန့်ရှိကြောင်း သိရသည်။ ဒေသခံများ၏နေအိမ်များအားမီးရှို့ဖျက်ဆီးသွားသည့်စစ်ကောင်စီစစ်ကြောင်းကို
ယနေ့ ဖေဖော်ဝါရီလ ၁၃ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က ထန်းတောကျေးရွာ အနီးတွင် ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်တပ်က ထန်းတောကျေးရွာကိုစပြီး မီးရှို့တဲ့ အချိန်မှာ ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ နေအိမ်တလုံးမီးလောင်ပျက်စီးသွားပြီး စစ်ကြောင်းကတော့ ပြန်ဆုတ်ခွာသွားတယ်” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည့်ယမန်နေ့က ဒေသခံများအပြားသည် ချင်းတွင်းမြစ်ကို စက်လှေဖြင့်ကူးပြီး ကနီမြို့ဘက်သို့ လာရောက်စစ်ဘေးရှောင်ခဲ့ကြရသည်။ ထွက်ပြေးသူများကို သေနတ်ဖြင့်လိုက်လံပစ်ခတ်မှုကြောင့် ဒေသခံတဦးသည် သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။စစ်ဘေးရှောင်စက်လှေတစီးတိမ်းမှောက်ခဲ့ပြီး မြစ်တဖက်ကမ်းကမ်းစပ်အနီး၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်၍ လူသေဆုံးမှုမရှိခဲ့ခြေ။

စစ်ကောင်စီစစ်ကြောင်းသည် ယ‌နေ့ ညနေတွင် ယှက်ပြေး ကျေးရွာသို့ ရောက်ရှိနေသည်။ထိုစစ်ကြောင်းကြောင့် ကွင်းခြံ၊နုံးတန်း၊ ထန်းတော ၊ အင်းတော စတဲ့ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသူများထံမှ သိရပါသည်။

စာတည်း – အေးချမ်း