ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံပွဲမှ ပြန်လာသူ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေထောက်ခံပွဲ မြင်ကွင်း

007

(မဇ္စျိမ) ။ ။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံပွဲ တက်ရောက်ပြီး ပြန်လာသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရပ်/ကျေးကော်မတီဝင်နှစ်ဦး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သေနတ်ပစ်ခတ်ခံ၍ တဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံပွဲကို ကျောက်ဆည်မြို့ပေါ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုပွဲကို တက်ပြီးပြန်လာသည့် အသက် (၅၃) နှစ်အရွယ် ဦးဝင်းကိုနှင့် အသက် (၅၅) နှစ်အရွယ် ကျောက်ဆည်မြို့နယ် ရွာပုလဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဌေးတို့ သေနတ်ပစ်ခတ်ခံရပြီး ဦးဝင်းကိုမှာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးမှူးဦးသန်းဌေးကမှု ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။ ၎င်းတို့နှစ်ဦးသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရပ်/ကျေးကော်မတီဝင်များ ဖြစ်ကြသည်။

“ထောက်ခံပွဲပြီးတော့ သူတို့ရွာသူတို့ပြန်ကြတယ်ပေါ့ဗျာ၊ အဲဒီမှာ ရွာအဝင်နားရောက်ခါနီးမှ အနောက်က လိုက်လာတဲ့လူတစုက သေနတ်တွေနဲ့ပစ်သွားတာတဲ့၊ တယောက်က ပွဲချင်းပြီးသေတယ်၊ တယောက်ကတော့ လွတ်သွားတယ်ပြောတာပဲ၊ နှစ်ယောက်စလုံး USDP (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)တွေဆိုတာတော့ အတိအကျသတင်းရထားတယ်၊ တယောက်က ရွာလူကြီး၊ ဦးသန်းဌေးတဲ့ သူ လွတ်သွားတာ” ဟု ဒေသခံတဦးက ပြောသည်။

၎င်းတို့ နှစ်ဦးသည် ထောက်ခံပွဲပြီး၍ နေအိမ်သို့ဆိုင်ကယ်တစီးနှစ်ယောက်စီးပြီး ပြန်လာစဉ် အနောက်မှ ဆိုင်ကယ်နှစ်စီးဖြင့်လိုက်လာသူ လေးဦးက ရွာအဝင်လမ်းတွင် သေနတ်များဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးကလည်း မဇ္ဈိမကို ပြောသည်။

မည်သူတို့က ပစ်ခတ်သွားသည်ကို ယနေ့နံနက်ပိုင်းအထိ မသိရသေးပေ။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရခေတ် ၂၀၁၀ နိုဝင်ဘာလ ၄ ရက်နေ့ က ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ အာဏာတည်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာခဲ့သည်။

အဆိုပါဥပဒေအရ နိုင်ငံသားတိုင်း အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများအနေဖြင့် နှစ်နှစ်မှ ငါးနှစ်အထိ မဖြစ်မနေတာဝန်ထမ်း ဆောင်ရမည်ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံသူများနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များသည် ယင်းဥပဒေကိုထောက်ခံသည်ဟုဆိုကာ ယမန်နေ့က နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် ထောက်ခံပွဲများ ပြုလုပ်ခဲ့ကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တပ်သားသစ်စုဆောင်းမှုသည် ပြည်သူများအချင်းချင်းသတ်ဖြတ်စေရန် အတင်းအဓမ္မ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်