မတ္တရာတွင် အရပ်သားအားသတ်ဖြတ်ပြီး ရွာမီးရှို့သည့် စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်

007

(မဇ္စျိမ)။ ။မတ္တရာမြို့နယ်အရှေ့ခြမ်းကျေးရွာများအား စစ်ကြောင်းထိုးကာ ဒေသခံနှစ်ဦးအား သတ်ဖြတ်ပြီး ပြန်သွားသည့်စစ်ကောင်စီ၏ ကားသုံးစီးပါယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းမတ္တရာမျိုးမှန်တပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ရက်နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မတ္တရာမြို့နယ်၊ ဆိပ်သာရွာမှကျောက်တံတားရွာဘက်သို့ပြန်လာသော စစ်ကောင်စီယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခြင်းဟု သိရသည်။

အဆိုပါစစ်ယာဉ်တန်းတွင်လိုက်ပါလာသောစစ်ကောင်စီတပ်ဖွဲ့သည် ဆိပ်သာနှင့်အင်းကုန်းကျေးရွာတွင် အရပ်သားနှစ်ဦးအား သတ်ဖြတ်ကာနေအိမ်ငါးလုံးကိုမီးရှို့ဖျက်ဆီးခဲ့သည့်တပ်ဖွဲ့ဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ရာ နောက်ဆုံးကားကို တိုက်ရိုက်ထိမှန်သဖြင့် စစ်ကောင်စီဘက်တွင် အထိအခိုက်များနိုင်သည်ဟု ကနဦးသတင်းရရှိထားကြောင်းမတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ယမန်နေ့နံနက်ပိုင်းက မိုင်းပေါက်ကွဲသံကြားရပြီးနောက် ဆေးရုံကားသုံးစီးထက်မနည်း မန္တလေးမြို့ဘက်မောင်းသွားသည်ကိုတွေ့ရကြောင်းဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။

“မနေ့က အဲဒီ(အင်းကုန်းနှင့်ဆိပ်သာကျေးရွာ)ဘက်မှာ ရွာသားနှစ်ယောက်ကို စကစစစ်ကြောင်းတခုက သတ်သွားတယ်လို့သတင်းရထားတယ်။ ရက်ရက်စက်စက်သတ်သွားတာပါ။ ဆိပ်သာမှာနေအိမ်ငါးလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီက သတ်ဖြတ်သွားသည်ဆိုသူ နှစ်ဦးနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးပေ။

မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ပြီးခဲ့သည့်ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း မန္တလေး-မိုးကုတ်ကားလမ်းအရှေ့ဘက် ကျောက်တံတားကျေးရွာအနီးရှိ စစ်ကောင်စီ၏ စခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း