ရွေးကောက်ပွဲ အသုံးစရိတ် သတ်မှတ်ပမာဏထက် ကျော်လွန်သုံးစွဲမှုဖြင့် ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ ထောင်ဒဏ် ၆ လ ချမှတ်ခံရ

Le Monde:-

ပြင်သစ်သမ္မတဟောင်း နီကိုလက်စ် ဆာကိုဇီအား ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ရာတွင် တရားမဝင် ငွေကြေးအလွန်အကျွံ သုံးစွဲခဲ့ခြင်းကို ဖုံးကွယ်ထားမှုအတွက် အောက်တရားရုံးက ချမှတ်ခဲ့သည့် ပြစ်ဒဏ်စီရင်ချက်ကို ပြင်သစ်အယူခံတရားရုံးက ဖေဖော်ဝါရီ ၁၄ ရက်တွင် အတည်ပြုခဲ့သည်။ အဆိုပါ အမှုအတွက် ဆာကိုဇီအား အောက်တရားရုံးက ထောင်ဒဏ်တနှစ် ချမှတ်ခဲ့သော်လည်း အယူခံတရားရုံးက ၎င်းကို ထောင်ဒဏ်ခြောက်လနှင့် ဆိုင်းငံ့ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။ အဆိုပါ စီရင်ချက်သည် မူလ ပြစ်ဒဏ်ထက် လျော့နည်းသော်လည်း ရှေ့နေများ တောင်းဆိုထားသော တနှစ်ဆိုင်းငံ့ပြစ်ဒဏ်ထက် ပြင်းထန်နေဆဲ ဖြစ်သည်။ 

Bygmalion အမှုဟု ခေါ်သည့် အဆိုပါ အမှုတွင် အသက် ၆၉ နှစ်အရွယ် ဆာကိုဇီသည် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် အမှန်တကယ် ကုန်ကျစရိတ်ကို ဖုံးကွယ်ရန် ထိုစဉ်က UMP ဟု အမည်ရသည့် ၎င်း၏ လက်ယာစွန်းပါတီသည် ပြည်သူ့ဆက်ဆံရေးကုမ္ပဏီတခုနှင့် လက်တွဲဆောင်ရွက်ခဲ့သည်ဆိုသည့် စွဲချက်များဖြင့် ၂၀၂၁ ခုနှစ်တွင် ထောင်ဒဏ် တနှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ပြင်သစ်တွင် ရွေးကောက်ပွဲ အသုံးစရိတ်များကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။ ဆာကိုဇီသည် ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံး ထောင်ဒဏ်ချမှတ်ခံရသည့် ပြင်သစ်သမ္မတ ဖြစ်လာခဲ့သည်။ ဆာကိုဇီက ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပြီး တရားရုံးအနေဖြင့် အကျဉ်းထောင်ထက် အီလက်ထရွန်းနစ်စနစ်ဖြင့် ထိန်းချုပ်သည့် နေအိမ်အကျယ်ချုပ်ပုံစံ ချမှတ်ရန် ပြောဆိုခဲ့သည်။ အယူခံစစ်ဆေးကြားနာမှုကို ယမန်နှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ အခြားသူ ၁၃ ဦးကိုလည်း ဆိုင်းငံ့ထောင်ဒဏ်များ အပါအဝင် ထောက်ဒဏ် သုံးနှစ်ခွဲအထိ ချမှတ်ခဲ့သည်။ ဆာကိုဇီသည် အယူခံဝင်ခဲ့သူ ၁၀ ဦးတွင် ပါဝင်သည်။ 

မည်သည့်အမှားမျှ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ပြင်သစ်သမ္မတဟောင်းက အကြောက်အကန် ငြင်းဆိုထားသည်။ Bymalion ကုမ္ပဏီသည် မိမိ၏ နောက်ကွယ်တွင် သူ့ဘာသာသူ ကြွယ်ဝချမ်းသာလာခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုထားသည်။ ငွေစာရင်းလိမ်လည်သည့်စနစ်ရှိသည်ဟု မည်သည့်အခါကမျှ စိတ်မကူးခဲ့ဖူးကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဆာကိုဇီသည် ၂၀၁၂ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွင် သတ်မှတ်ထားသည့် ယူရို ၂၂ ဒသမ ၅ သန်း၏ နှစ်ဆနီးပါးရှိသော ယူရို ၄၃ သန်းနီးပါး သုံးစွဲခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားထားသည်။ ဆာကိုဇီသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အကြား ၎င်းသမ္မတတာဝန် တကြိမ်ယူခဲ့စဉ်မှစ၍ ဥပဒေရေးရာ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းသည် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ မလျော်ဩဇာသုံးမှုနှင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစရိတ် သတ်မှတ်ချက် ချိုးဖောက်မှုများအပါအဝင်  အမှုပေါင်းများစွာဖြင့် စွဲချက်တင် ခံထားရသည်။ 

ဆာကိုဇီအား ၎င်းအနိုင်ရခဲ့သည့် ၂၀၀၇ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ကွယ်လွန်သူ လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာကဒါဖီထံမှ တရားဝင်ရန်ပုံငွေရယူခဲ့သည်ဆိုသည့် စွဲချက်နှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်တွင် ရုံးတင်စစ်ဆေးသွားမည် ဖြစ်သည်။ အမှုအခင်းများ ရင်ဆိုင်နေရသော်လည်း မဟာသမ္မတမင်းအဖြစ် မိမိကိုယ်ကိုယ် ယူဆခဲ့သည့် ဆာကိုဇီသည် ပြင်သစ်ရှိ လက်ယာစွန်းနိုင်ငံရေးအသိုင်းအဝိုင်းတွင် ဩဇာလွှမ်းမိုးမှု ကြီးမားနေဆဲဖြစ်ပြီး လူကြိုက်များနေဆဲဖြစ်သည်။ 

ဆာကိုဇီသည် သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့်လည်း အဆက်အဆံရှိပြီး နှစ်ယောက်သား နိုင်ငံရေးဆွေးနွေးရန် အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြကြောင်း ပြင်သစ်မီဒီယာများတွင် ဖော်ပြထားသည်။ ၎င်းသည် ရောင်းအားကောင်းသည့် စာအုပ်များကိုလည်း ရေးသားထားသည်။