နည်းပြ ကလင်စမန်းကို ထုတ်ပစ်ဖို့ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ အကြံပြု

အာရှဖလား ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပြီး ကြယ်ပွင့်ကစားသမားတွေကြား အငြိအစွန်းတွေဖြစ်ပွားပြီးနောက်မှာ “ခေါင်းဆောင်မှုပြောင်းလဲတာ လုပ်အပ်တယ်”လို့ တောင်ကိုရီးယား ထိပ်တန်းဘောလုံးတာဝန်ရှိသူတွေက ပြောဆိုရင်း နည်းပြ ဂျာဂန် ကလင်စမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ ကြာသပတေးနေ့မှာ အကြံပြုခဲ့ပါတယ်။

“ကလင်စမန်းဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် သူ့ရဲ့ခေါင်းဆောင်မှုကို မကျင့်သုံးနိုင်ဘဲ အဲဒါက ခေါင်းဆောင်မှုအပြောင်းအလဲတရပ် လိုအပ်တယ်ဆိုတာကို ကျနော်တို့တွေ သဘောတူညီမှုရသွားခဲ့တယ်”လို့ ကိုရီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ အမျိုးသားကော်မတီမှ ဟွမ်ဘိုကွမ်က ပြောပါတယ်။

ကော်မတီဟာ ဆုံးဖြတ်ချက်ချတဲ့ အဖွဲ့မဟုတ်ပေမယ့် အပြီးသတ်ဆုံးဖြတ်ချက်ချမယ့် ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA)ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ထံဆီ ယင်းတို့အကြံပြုချက်ကို ပေးမှာဖြစ်ပါတယ်။

သုံးနာရီကြာစည်းဝေးအပြီး အသင်းရဲ့ စိတ်ပျက်စရာကောင်းတဲ့ အာရှဖလားပြိုင်ပွဲအတွင်း ကလင်စမန်းရဲ့ “နည်းဗျူဟာပိုင်း ပြင်ဆင်မှုမှာ လုံလောက်မှုမရှိဘူး”လို့ ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း ဟွမ်ဘိုကွမ်က ပြောပါတယ်။

“ကလင်စမန်းဟာ စွမ်းဆောင်ရည်သစ် ရှာဖွေရာမှာ သူ့ရဲ့ ဖြေရှင်းမှုကို မပြသခဲ့ကြောင်းနဲ့ သူဟာ အသင်းသားတွေကြား စီမံခန့်ခွဲရာမှာ အတွင်းပိုင်းပဋိပက္ခ ဒါမဟုတ် ခံစားချက်ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ ထင်မြင်ချက်တွေရှိခဲ့တယ်”လို့ သူက ပြောပါတယ်။

“တောင်ကိုရီးယားမှာ သူ့ရဲ့ကာလတို နေခဲ့ရလို့ သူဟာ ကိုရီးယားပြည်သူတွေအပေါ် လျစ်လျူရှုထားပုံရပြီး သူဟာ သူတို့ဆီက ယုံကြည်မှုတွေ ဆုံးရှုံးခဲ့ရတယ်လို့ သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်”လို့ သူက ဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။

နည်းပြ ကလင်စမန်းဟာ ဆွန်ဟောင်မင်လို ကစားသမားတွေပါဝင်တဲ့ စွမ်းဆောင်ရည်အပြည့် အသင်းအဖြစ် ကြွားလုံးထုတ်နေပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ကိုရီးယားက ဂျော်ဒန်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့အပြီးမှာသူဟာ ဖိအားတွေ ရင်ဆိုင်နေရတာပါ။

ကလင်စမန်းဟာ အမေရိကန်ပြည်ထောင်စုက သူ့နေအိမ်ကနေ ဗီဒီယိုကွန်ဖရင့်ကတဆင့် အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။