တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ကဗုံးကြဲ၍ ကုန်တင်ယာဥ်မောင်း၂ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့်ပစ်ခတ်မှုကြောင့် ပျက်စီးသွားသောကုန်ကားများအား တွေ့ရစဥ်/ ဓာတ်ပုံ။ ။People’s Defense Comrade

ကိုခင်မောင်

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်အနောက်ဘက်ခြမ်း ပြည်ထောင်စုလမ်းမကြီးပေါ်သို့ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်သောကြောင့် ကုန်တင်ယာဉ်မောင်း နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကုန်ကားသုံးစီးပျက်စီးသွားကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် တန့်ဆည်-ကံထူးမ-မဟာမြိုင်-ကလေးဝပြည် ထောင်စုလမ်းမကြီး ၃၈ မိုင်နှင့် ၃၉ မိုင်ကြားဝဲယာတလျှောက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီး ဖြင့် ဗုံးရှစ်လုံးထက်မနည်းကြဲချသွားခြင်းဖြစ်ကြောင်း People’s Defense Comrade အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က မဇ္စျိမကိုပြောသည်။

“ဒလန်တွေရဲ့ သတင်းပေးမှားယွင်းမှုကြောင့်လို့ သုံးသပ်ရပါတယ်။ ဘယ်လိုရှုထောင့်ကကြည့်ကြည့် အများပြည်သူ သွားလာနေကြတဲ့အချိန် ဒီလမ်းမကြီးက စစ်ရေးပစ်မှတ် လုံးဝမဟုတ်ဘူး။ ဘာစစ်ကြောင်း မှထိုးနေတာမရှိဘူး။ ဘာတိုက်ပွဲမှဖြစ်မထားဘူး။ ကုန်ကားကြီးနှစ်စီး တအားပျက်စီးသွားတယ်။ ကား ဆရာတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်” ဟု ကိုထူးခန့်ဇော်က ဆိုသည်။

အပြည်သူသွားလာနေချိန်စဥ် တံတားဦးလေဆိပ်မှ တက်လာသော K-8 ဂျက်ဖိုက်တာတစီးဖြင့် မွန်းတည့် ၁၂ နာရီခန့်တွင် တကြိမ်၊ မွန်းလွဲ ၁ နာရီခန့်အချိန်တွင် A- 5 ဂျက်ဖိုက်တာတစီးဖြင့်တကြိမ် စုစုပေါင်း ဗုံး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ကုန်တင်ယာဥ်မောင်းနှစ်ဦးအနက်မှ တဦးတွင် ဦးခေါင်းနှင့် ညာဘက်လက်မောင်း၌ ဗုံးဆန်ထိမှန်ဒဏ်ရာ ရခဲ့ပြီး နောက်တဦးမှာလည်း ညာဘက်ခြေထောက်၌ ထိခိုက်ဒဏ်ရာများရရှိကာ ဆေးဝါးကုသမှုများ ပြု လုပ်ပေးခဲ့သည်ဟု People’s Defense Comrade အဖွဲ့ထံမှ သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စပါးများတင်ဆောင်လာသော ကုန်ကားနှင့် သစ်၊ ဝါးများတင်ဆောင်လာသော ကုန်ကားနှစ်စီး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

စာတည်း။ ။စောဖေ