ဟိုပန်မြို့ကို “ဝ” တပ်ဖွဲ့ ဆက်လက်ထိန်းချုပ်ထားကြောင်း UWSA အတည်ပြု

ပုံအညွှန်း-တိုက်ပွဲပြီး ဒုတိယမြောက်နေ့ ဇန်နဝါရီ ၆ ရက်တွင် ဟိပန်မြို့တွင်း မြင်တွေ့ရသည့် UWSA တပ်သားနှင့် အလံများ
ဓါတ်ပုံ- Alexx Harry (ပေးပို့)

ဂျူချန်း

(မဇ္ဈိမ)။ ။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့ကို ညီနောင်သုံးဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အဖွဲ့အစည်းများနှင့်ညှိနှိုင်းကာ လက်ရှိတွင် မြို့ကိုထိန်းချုပ်ထားကြောင်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) က အတည်ပြုသည်။

“ထိခိုက်ဆုံးရှုံးမှုတွေ မရှိရလေအောင်နဲ့ ဒေသခံပြည်သူတွေ တောင်းဆိုမှုတွေကြောင့် အဘက်ဘက်နဲ့ ကြိုတင်ညှိနှိုင်းမှုတွေလုပ်ပြီး ဝင်ရောက်ထိန်းချုပ်ခဲ့တာ မှန်ပါတယ်။ ကျနော်တို့ နဂိုရပ်တည်ချက် အတိုင်း ပါပဲ။ ဘယ်ဘက်မှ ရပ်တည်မှာ မဟုတ်ပါ” ဟု UWSA လားရှိုး ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်တပ်များက ဟိုပန်မြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် UWSA မှ ကြားဝင်ညှိနှိုင်းမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် စစ်ကောင်စီခန့် “ဝ” တိုင်းဥက္ကဋ္ဌ ဦးညီနပ် ဦးဆောင်ကာ လက်နက်ချရန် ညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လက်နက်ချခြင်းဖြစ်စဉ်နှင့် ဆက်စပ်၍မေးမြန်းရာတွင် UWSA မှ အသေးစိတ်မသိနိုင်သေးကြောင်း ဦးညီရမ်းက ပြန်လည်ဖြေကြားသည်။

ဟိုပန်မြိုကို ညီနောင်သုံးဖွဲ့မှ ဝင်ရောက်တိုက်ခိုက်မှုအပြီး ဒုတိယမြောက်နေ့တွင် အခြေအနေ တည်ငြိမ် လျက်ရှိကာ မြို့တွင်း ဌာနဆိုင်ရာရုံးများတွင် UWSA အလံများ ထောင်ထားပြီး နေရာအချို့တွင် MNDAA အလံနှင့် ပူးတွဲထောင်ထားကြသည်။

ယနေ့ ဇန်နဝါရီလ ၇ ရက် တတိယမြောက်နေ့တွင်မူ ဝန်ထမ်းများကို UWSA က ပြန်လည်ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

“ကိုးကန့်တပ်တွေ ဒီနေ့ပြန်ထွတ်သွားမယ်လို့လည်းပြောကြတယ်။ ခုထိတော့ ကိုးကန့်တွေ ရှိနေသေး တယ်။ ‘ဝ’ က ဆက်ထိန်းပြီး ဝန်ထမ်းတွေကိုလည်း ပြန်ခေါ်နေတယ်။ ဦးညီနပ်ပဲ ‘ဝ’တိုင်းဥက္ကဋ္ဌနေရာမှာ ဆက်တာဝန်ယူမယ်တဲ့။ ပညာရေးနဲ့ကျန်းမာရေးဝန်ထမ်းတွေကို မဖြုတ်ဖို့တော့ သေချာသလောက်ရှိ တယ် ကျန်တဲ့ရုံးတွေကိုတော့ မပြောတတ်သေးဘူး” ဟု မြို့ခံသတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

ယခင် အရပ်သားအစိုးရလက်ထက် “ဝ” တိုင်းဥက္ကဋ္ဌ သည် ဦးခွန်ထွန်းလူဖြစ်ပြီး ဦးညီနပ်မှာ အာဏာသိမ်း ပြီးနောက် စစ်ကောင်စီမှခန့်ထားသူဖြစ်သည်။ ညှိနှိုင်းမှုအတွင်း ဦးညီနပ်ပင် ‘ဝ’တိုင်းဥက္ကဋ္ဌ တာဝန်ကို ဆက်လက်တာဝန်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမမှ သီးခြား အတည်မပြုနိုင်သေး ပေ။

ဦးညီနပ်သည် ယခင်က မက်မန်းမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ၂၀၂၀ ခုနှစ် ရွေး ကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အာဏာ သိမ်းပြီးနောက်တွင် စစ်ကောင်စီမှ “ဝ” တိုင်းဥက္ကဌ အဖြစ် ဦးညီနပ်ကို တာဝန်ပေးအပ်ခဲ့သည်။

ဟိုပန်မြို့သည် ညီနောင်ဖွဲ့မှသိမ်းပိုက်ထားသည့် ချင်းရွှေဟော်နှင့် ကွမ်းလုံမြို့ကြား “ဝ” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင်တည်ရှိသည့် မြို့ဖြစ်သည်။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်တည်ရှိသော်လည်း ယခု တိုက်ပွဲမစတင်ခင်အချိန်ကာလများအထိ စစ်ကောင်စီဩဇာလွှမ်းမိုးသည့်မြို့ဖြစ်ရာ ညီနောင်သုံးဖွဲ့၏ တိုက်ခိုက်မှုခံရပြီးနောက် လက်ရှိတွင် UWSA ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ