မရှိကို အရှိလုပ်သည့် တရုတ်၏ လှည့်ဖြားမှုဇာတ်ကြောင်း

ပုံ – တရုတ် J-20 တိုက်လေယာဉ်

 The HK Post

လှည့်ဖြားခြင်းနည်းဗျူဟာသည် ဖြစ်နိုင်သမျှ နည်းလမ်းများကို အသုံးပြု၍ ရန်သူကို အနိုင်ယူရန် ရေးဆွဲထားသော လမ်းညွှန်ချက်တခုဖြစ်သည့် ရှေးခေတ် တရုတ်၏ လူသိများလှသော ၃၆ ပါး စစ်ဗျူဟာကျမ်းတွင် အပါအဝင်ဖြစ်သည်။  ထိုနည်းဗျူဟာသည် ရန်သူကို လှည့်စားရန်  အမှန်တကယ်မရှိသောအရာ (နည်းပညာ၊ စက်ကိရိယာ၊ စွမ်းရည်စသည်) ကို ရန်သူ၏ စိတ်တွင် ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခြင်းဖြစ်သည်။ ဂန္ထဝင်မြောက် စစ်ပွဲကာလတခုတွင် အမှန်တကယ်ထက် ပို၍ ကောင်းမွန် ကြီးမား တောင့်တင်းသည့် အင်အားရှိဟန် ထင်ယောင်ထင်မှား လုပ်တတ်ကြသည်။

တရုတ်လူမျိုးများကို ထိုရှေးခေတ်ဗျူဟာများ (စစ်သေနင်္ဂဗျူဟာ ၃၆ မျိုး)  က များစွာ လွှမ်းမိုးထားပြီး ယနေ့အထိ ထိုဗျူဟာများကို လက်ကိုင်ထားဆဲဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မိန့်ခွန်းအများစုတွင် တရုတ်ရှေးခေတ် ဆိုရိုးစကားများ အလွန်အမင်း အသုံးပြုခြင်းကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ထို့ပြင် တရုတ်စစ်သူကြီး ဆွန်ဇု၏ စစ်သေနင်္ဂဗျူဟာအကြောင်းသည် စစ်ရေးဗျူဟာဆိုင်ရာ လိုက်နာကျင့်သုံးမှုနှင့် ဘာသာပြန်မှုအများဆုံး စာတမ်းများအနက် တခုဖြစ်သည်။  စစ်သေနင်္ဂဗျူနှင့်ပတ်သက်သော ဗျူဟာအများစုတွင် လိမ်လည် လှည့်စားခြင်းများ ပါဝင်ပြီး တရုတ်လူမျိုးတို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် အရာဖြစ်သည်။

မျက်မှောက်ခေတ် တရုတ်စစ်တပ် (PLA) ၏ စစ်ဆင်ရေး သုံးရပ် မဟာဗျူဟာ (ပြည်သူ့သဘောထားစစ်ဆင်ရေး၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဥပဒေရေးရာစစ်ဆင်ရေး) သည် နိုင်ငံရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ စစ်ပွဲမဟုတ်သော ရှေးခေတ်အယူအဆများလွှမ်းမိုးနေသည့် တရားဝင်ဗျူဟာဖြစ်ကာ ကမ္ဘာ့နယ်ပယ် အထူးသဖြင့် နည်းပညာနှင့် စစ်ဘက်ဆိုင်ရာတွင် တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော သြဇာလွှမ်းမိုးမှုကို ပြသရန် ပါတီက ထိန်းချုပ်ထားသော မီဒီယာ သို့မဟုတ် နည်းလမ်းများကို အသုံးချခြင်းဖြင့် ဝါဒဖြန့်ခြင်း၊ လှည့်စားခြင်းနှင့် လိမ်လည်ခြင်းတို့ကို အလေးထားလုပ်ဆောင်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် တရုတ်စစ်တပ် (PLA) တို့၏ မီဒီယာအပေါ် ဆင်ဆာဖြတ်တောက်မှုနှင့် ထိန်းချုပ်မှုသည် ထိုအစီအစဉ်အများကို ထိန်းချုပ် ဝါဒဖြန့်ရာတွင် ပိုမိုအားကောင်းစေပြီး တရုတ်မီဒီယာများမှ ရေးသားသောအကြောင်းအရာများကိုပင် စိုးစဉ်းမျှ ဝေဖန်ဆန်းစစ်ခွင့်မပြုပေ။

တရုတ်နိုင်ငံမှ ထုတ်လုပ်သော ထုတ်ကုန်များ၏ ကြာရှည်အသုံးခံမှုနှင့် ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်ပြီး နိုင်ငံအများအပြားတွင် ဝေဖန်မှုများစွာ ခံနေရသော်လည်း မီဒီယာဆင်ဆာဖြတ်တောက်မှုကြောင့် အဆိုပါ သတင်းများ လုံးဝ ပေါ်ထွက်မလာတတ်သလို နောက်ပိုင်းမှ နိုင်ငံတကာမီဒီယာများ၏ ဖော်ပြမှုနှင့် သုတေသနစာတမ်းများ၏ ထုတ်ပြန်မှုကြောင့်သာ သိရသည်။

တရုတ်စစ်တပ်က အသုံးပြုနေသည့် ဝါဒဖြန့်နည်းလမ်းများနှင့် တရုတ်နိုင်ငံကို အရှက်ရစေသည့် မကြာသေးမီကဖြစ်ရပ်များကို The Hong Kong Post က ဖော်ပြထားခြင်းဖြစ်သည်။ ဆောင်းပါးသည် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ၏ အရည်အသွေး၊ တာရှည်ခံမှုနှင့် အလုံးစုံ စွမ်းဆောင်ရည်တို့နှင့် စပ်လျဉ်းသည့် မေးခွန်းများစွာနှင့် တရုတ်၏ပြောဆိုချက်များအကြောင်း ရေးသားထားသည့် လတ်တလော ဖြစ်ရပ်များကိုလည်း ရေးသားထားသည်။

တရုတ်မိုးပျံပူဖောင်းဖြစ်ရပ်

တရုတ်မိုးပျံပူဖောင်းလွှတ်တင်ရခြင်း၏ရည်ရွယ်ချက်နှင့် အမေရိကန်လေပိုင်နက်တွင် လွင့်မျောရင်း ထောက်လှမ်းနိုင်စွမ်းနှင့်အချက်အလက်ကောက်ယူမှုပမာဏနှင့် ပတ်သက်ပြီး လူများက ထင်ကြေးအမျိုးမျိုး ပေးခဲ့ကြသည်။ သို့သော် ၎င်းကို ပစ်ချကြည့်ရာတွင်  စောင့်ကြည့်ထောက်လှမ်းကိရိယာ တပ်ဆင်ထားသည်ဆိုသော သက်သေအထောက်အထား မတွေ့ခဲ့ပေ။ တရုတ်သူလျှိုမိုးပျံပူဖောင်းသည် အမေရိကန်ဝေဟင်၌ ပျံသန်းရာတွင် အချက်အလက်တစုံတရာ မစုဆောင်းခဲ့ကြောင်း ပင်တဂွန်က ပြောခဲ့သည်။ ယမန်နှစ် ဖေဖော်ဝါရီလက ထိုဖြစ်ရပ်အပြီးတွင် အမေရိကန်လေတပ်က အလက်စကာ၊ ကနေဒါနှင့်မီချီဂန်ပြည်နယ်တို့၏ ဝေဟင်တွင်လည်း အမျိုးအမည်မသိသော အရာဝတ္ထု သုံးခုကို ဖျက်စီးခဲ့ပြီး အန္တရာယ်မရှိကြောင်း ပြောသည်။ ထိုအရာများသည် စီးပွားဖြစ် သို့မဟုတ် သုတေသနလုပ်ငန်းများနှင့်ဆက်စပ်နေနိုင်ပြီး အန္တရာယ်မဖြစ်နိုင်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဆိုသည်။

အရည်အသွေး မပြည့်ဝမှုကြောင့် တရုတ်လက်နက်တင်ပို့မှု သိသိသာသာ ကျဆင်းလာ

တရုတ်စစ်လက်နက်ပစ္စည်းများ တင်သွင်းသည့်နိုင်ငံများ ကြုံတွေ့နေရသည့် ပြဿနာနှင့် ပတ်သက်၍ မကြာသေးမီနှစ်များအတွင်း သတင်းမျိုးစုံ ထွက်ပေါ်လာခဲ့ပြီး တရုတ်ကာကွယ်ရေးပစ္စည်းတင်ပို့မှု ကျဆင်းသွားခဲ့သည်။  စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ၏ အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း တရုတ်၏ လက်နက်တင်ပို့မှုသည် ယခင် ငါးနှစ်နှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တရုတ်လက်နက်များသည် အစိုးရကတိပြုထားသည့်အတိုင်း ကောင်းကောင်း စွမ်းဆောင်နိုင်စွမ်းမရှိသောကြောင့် တရုတ်၏ ကမ္ဘာ့ဈေးကွက်သည်လည်း ၅ ဒသမ ၆ ရာခိုင်နှုန်းမှ ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ လုံခြုံရေးလေ့လာရေးဆိုင်ရာ Daniel K Inouye Asia-Pacific Center မှ ပါမောက္ခ အလက်ဇန္ဒားဗူဗင်းက တရုတ်နိုင်ငံထုတ် လက်နက်များသည် နည်းပညာအရ ညံ့ဖျင်းရုံသာမက စစ်မြေပြင်တွင်လည်း စမ်းသပ်စစ်ဆေးမှုမပြုလုပ်ရသေးကြောင်း ပြောသည်။

တရုတ်သည် ၎င်း၏ စစ်လက်နက်ပစ္စည်းများကို နိုင်ငံပေါင်း ၅၃ နိုင်ငံသို့ တင်ပို့နေပြီး အများစုမှာ အမေရိကန်ကဲ့သို့သော လက်နက်ရောင်းချသူများအတွက် စျေးကွက်ငယ်များဖြစ်သည်။ ထို့ကြောင့် ပါကစ္စတန်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများကဲ့သို့ နိုင်ငံများက တရုတ်လက်နက်ကို အဓိက တင်သွင်းသူများဖြစ်သည်။

တရုတ်သည် စျေးနှုန်းကောင်းကောင်းနှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းနှင့် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ ကဲ့သို့ အခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ စစ်လက်နက်ပစ္စည်းများအတွက် ဝယ်လက်ဖောက်သည်နိုင်ငံများရသော်လည်း တရုတ်လက်နက်ရောင်းချသူများက ပြုပြင်ထိန်းသိမ်းမှုအတွက် တာဝန်ခံမှု မရှိသလောက်ဖြစ်သဖြင့် ဝယ်လက်များသည် တခြားတတိယနိုင်ငံများမှ အကူအညီတောင်းခဲ့ကြရသည်။ မြန်မာစစ်တပ်ကလည်း  JF-17 အတွက် နည်းပညာပြဿနာများဖြေရှင်းရန် ပါကစ္စတန်နည်းပညာရှင်များကို အကူအညီတောင်းခဲ့ရသေးသည်။ ပါကစ္စတန်ကလည်း ၎င်းတို့ JF-17 အတွက် RD-93 အင်ဂျင်များကို ဝယ်ရန်  တရုတ်ကို ကျော်ကာ ရုရှားကို အားကိုးခဲ့ရသည်။

တရုတ်သည် ဒီဇိုင်းများကို ကူးချမှု၊ အင်ဂျင်နီယာပညာရပ်များကို လေ့လာအတုယူမှုနှင့် ၎င်းတို့ပစ္စည်းများ၏ စွမ်းဆောင်ရည်များကို ချဲ့ကားပြောဆိုမှုများ ပြုလုပ်သည်ဟု စွပ်စွဲခံနေရကာ ပစ္စည်းများအရည်အသွေးမပြည့်မီခြင်းမှာ တရုတ်က စစ်ရေးခေတ်မီဆန်းသစ်အောင်အလျင်အမြန်လုပ်ဆောင်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပြီး အရည်အသွေးနှင့် စမ်းသပ်မှုအပိုင်းများတွင် အချိန်ယူကာ မလုပ်ဆောင်နိုင်တော့ပေ။

အခြားအကြောင်းအရင်းတစ်ခုမှာ တရုတ်နိုင်ငံသည် ၎င်း၏စစ်ရေးစွမ်းရည်နှင့် တီထွင်ထုတ်လုပ်မှုအစီအစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုကင်းမဲ့ကာ ယင်းက လက်နက်များ၏ စစ်မှန်သော စွမ်းရည်၊ တာရှည်ခံမှုနှင့် ယုံကြည်စိတ်ချရမှုကို အကဲဖြတ်ရာတွင် ခက်ခဲစေသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံအနေဖြင့် မိမိကိုယ်ကို အဓိကလက်နက်တင်ပို့သူအဖြစ် အမွှန်းတင်ထားသော အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး အဆိုပါအရေးကြီးသော ပြဿနာများကို ဖြေရှင်းရန်နှင့် ၎င်း၏လက်နက်စနစ်များအပေါ် အခြားနိုင်ငံများ၏ ယုံကြည်မှု ရရှိစေရန်မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည်။ တရုတ်အနေဖြင့် မဝေးတော့သော အနာဂတ်တွင် ၎င်း၏ ဆုံးရှုံးသွားသော ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်နိုင်မည့် အတိုင်းအတာကို ခန့်မှန်း၍မရနိုင်ပေ။ တရုတ်ကုမ္ပဏီများ၏ ပုံကြီးချဲ့ပြောဆိုမှုများဖြင့် အရူးလုပ် မခံရစေရန်နှင့် မစဉ်းစားမဆင်ခြင်ဘဲ အလျင်အမြန်မဆုံးဖြတ်ရန် နောင်တွင် တရုတ်စစ်ပစ္စည်းများကို ဝယ်ယူရန် အစီအစဉ်ရှိသည့် နိုင်ငံများနှင့် တရုတ်၏ တိုးတက်မှုဖြစ်စဉ်များကို ပုံမှန်စောင့်ကြည့်နေသူများအတွက် နောက်ထပ် သင်ခန်းစာတခုပင်ဖြစ်သည်။