ထွက်ဖို့ စီစဉ်နေတယ်လို့ ပီအက်စ်ဂျီ ဒါရိုက်တာတွေကို အမ်ဘာပေ ပြော

By PKThawn

ရာသီကုန်မှာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ပြင်သစ်အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေဟာ အသင်းကနေထွက်ခွာဖို့ ရည်ရွယ်ထားကြောင်း ပဲရစ်စိန့်ဂျာမိန်းအသင်းတာဝန်ရှိသူတွေကို ပြောဆိုခဲ့တယ်လို့ လီဂူးဝမ်းချန်ပီယံများနဲ့နီးစပ်သူတဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။

မိုနာကိုအသင်းကနေ ပဲရစ်ကို ၂၀၁၇ မှာ ရောက်ရှိခဲ့တဲ့ အသက် ၂၅ နှစ် ကစားသမားဟာ ၂၀၂၄ အထိ စာချုပ်ကို ၂၀၂၂ မှာ သက်တမ်းတိုးခဲ့ပေမယ့် ပီအက်စ်ဂျီမှာ နောက်ထပ်တနှစ်ဆက်နေခွင့်ရတဲ့ စာချုပ်ကို ပြီးခဲ့တဲ့နွေရာသီက ငြင်းဆိုခဲ့တာပါ။

အမ်ဘာပေဟာ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေထွက်နေတာဖြစ်ပါတယ်။

“ထွက်ခွာမယ့် အပြောင်းအရွှေ့ကြေး၊ စာချုပ်အသေးစိတ်နဲ့ တခြားအခြေအနေတွေနဲ့ သက်ဆိုင်တဲ့ စည်းကမ်းချက်တွေကို အပြည့်အဝသဘောတူထားတာ မရှိသေးပါဘူး”လို့ သတင်းရင်းမြစ်က ပြောပြီး ကလပ်နဲ့ အမ်ဘာပေတို့ဟာ “လာမယ့်လအနည်းငယ်အတွင်းမှာ အရာအားလုံး အပြီးသတ်ပြီးတဲ့အခါ” တရားဝင်ကြေညာချက်တရပ်ကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့ သတင်းရင်းမြစ်က ထည့်သွင်ပြောဆိုသွားပါတယ်။

AFP က ဆက်သွယ်မေးမြန်းရာမှာ ပီအက်စ်ဂျီက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

အမ်ဘာပေဟာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပီအက်စ်ဂျီကနေ ထွက်ခွာမှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ နွေရာသီက သဘောတူညီမှုတရပ်ဖြစ်တဲ့ ဘောနပ်စ်ကြေးပမာဏ ယူရို သန်း ၆၀ မှ ၇၀ ဝန်းကျင် (ဒေါ်လာ ၆၅.၆ သန်းမှ ၇၆.၆ သန်း) ကို ကစားသမားဘက်က လျှော်ပေးခြင်းဖြင့် ကလပ်အသင်းအပေါ် ထိခိုက်နစ်နာစေမှုကို သက်သာစေမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီမှာ ခုနစ်ရာသီကြာကစားအပြီး ကလပ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ အမ်ဘာပေဟာ ငယ်ဘဝတည်းက အိပ်မက်မက်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့စီစဉ်နေတာပါ။

ရီးယ်လ်က သူ့ကို ဆန်တီယာဂို ဘာနေဗျူးဆီ ခေါ်ဆောင်လိုတဲ့ ဆန္ဒကို လျှို့ဝှက်ထားခဲ့ခြင်းမရှိပါဘူး။ ကလပ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က သူ့ကို ၂၀၁၉၊ ၂၀၂၁နဲ့ ၂၀၂၂ တွေမှာ ခေါ်ယူဖို့ စဉ်းစားခဲ့ပြီး အကြိမ်တိုင်း ငြင်းဆိုခြင်းနဲ့သာကြုံခဲ့ရပါတယ်။

နေမာနဲ့ လီယွန်နယ် မက်ဆီတို့ ထွက်ခွာပြီးနောက် တနှစ်အကြာမှာ သူတို့ရဲ့ အဓိကကြယ်ပွင့်မှ ထွက်ခွာခြင်းဟာ ပီအက်စ်ဂျီအတွက် မသေချာမရေရာတဲ့ ခေတ်သစ်တခုရဲ့ အစဖြစ်နေပါတယ်။

(AFP)