ဥရောပတွင် တရုတ်သူလျှိုများ၏ ဆိုးရွားသည့် လုပ်ရပ်များကို ဖော်ထုတ်ခြင်း

The Hong Kong Post

၁။ နော်ဒစ်နိုင်ငံဖြစ်သည့် ဆွီဒင်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သဖြင့် တရုတ်ဂျာနယ်လစ်တဦးကို မကြာသေးမီက ဆွီဒင်က နှင်ထုတ်ပြီးနောက် ဂျာမနီနှင့် ဗြိတိန်ကလည်း တရုတ်အတွက် သူလျှိုလုပ် သည်ဟု သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီးထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။ 

ယင်းဖြစ်ရပ်များကြောင့်  ဥရောပသည် တရုတ်သူလျှိုလုပ်မှု၏ အဓိကနေရာဖြစ်လာနေသည်ကို လူအများက မေးခွန်းထုတ်လာကြသည်။

၂။ တရုတ်တွင် သူလျှိုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန (MPS) နှင့် နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာန (MSS) အပါအဝင် အဖွဲ့အစည်း အများအပြား ရှိကြောင်း ပါရီအခြေစိုက် စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့ ဖြစ်သည့် မဟာဗျူဟာသုတေသနအင်စတီကျုက ပြောကြားခဲ့သည်။

. ၃။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးဌာတခုတည်းတွင် လူ ၈၀,၀၀၀ မှ ၁၀၀,၀၀၀ ကြား အလုပ်ခန့်ထားပြီး နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနတွင် အေးဂျင့် ၂၀၀,၀၀၀ ခန့်ကို ခန့်အပ်ထားကြောင်း ပြင်သစ်စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့က ပြောကြားခဲ့သည်။ သို့သော် ယင်းတရုတ်ဝန်ကြီးဌာနများမှ ငှားရမ်းထားသော အေးဂျင့်အရေအတွက်မှာ ပိုမိုများနိုင်ကြောင်း မဟာဗျူဟာသုတေသနအင်စတီကျုမှ တရုတ်ကျွမ်းကျင်သူ ပေါချာရွန်က The Japan Times ကို ပြောကြားခဲ့သည်။ 

၄။ ဘရပ်ဆဲလ်တွင် ကျယ်ပြန့်သော တရုတ် ထောက်လှမ်းရေးအေးဂျင့်များ၏ ကွန်ရက်တည်ရှိမှုကို ၂၀၂၀ ပြည့်နှစ်တွင် ဥရောပပြည်ပရေးရာဆောင်ရွက်မှုအဖွဲ့ (EEAS) မှ သတင်းရင်းမြစ်များကို အခြေခံ၍ ဂျာနယ်လစ် ဒိုင်းဝဲနှင့် လာစတမ်ပါတို့၏ စုံစမ်းဖော်ထုတ်ခဲ့သည်။ ယင်းအချိန်က နေတိုးဌာနချုပ်နှင့် ဥရောပ သမဂ္ဂအဖွဲ့ အစည်းများတည်ရှိရာဖြစ်သည့် ဘရပ်ဆဲလ်တွင် တရုတ်ထောက်လှမ်းရေး အရာရှိ ၂၅၀ ခန့် ရှိနေပြီး တရုတ် သူလျှိုများ၏ မြို့တော်ဖြစ်နေကြောင်း ဂျာနယ်လစ် ဒိုင်းဝဲနှင့် လာစတမ်ပါ တို့က Bloomberg တွင် သတင်းရေးသားခဲ့သည်။ 

၅။ ပြည်တွင်းလုံခြုံရေး၊ နိုင်ငံခြားရေးနှင့် အမျိုးသားလုံခြုံရေးမူဝါဒချမှတ်မှု၊ သိပ္ပံသုတေသနနှင့် နည်းပညာဆိုင်ရာ သတင်း အချက်အလက်များရယူရေးအတွက် ၎င်းတို့က အဓိကအာရုံစိုက်နေကြောင်း တရုတ် ထောက်လှမ်းရေးအေးဂျင့်များ၏ လှုပ်ရှားမှုများကို အနီးကပ်လေ့လာခဲ့သူများက ဆိုသည်။ ၎င်းတို့၏ ရည်မှန်းချက် နှင့် ရည်ရွယ်ချက်ကို အောင်မြင်စေရန်အတွက် ယင်းတရုတ်သူလျှိုများသည် လူသား ထောက်လှမ်းရေး၊ လိင်ထောင်ချောက်၊ အကျပ်ကိုင်သတင်းရယူခြင်း၊ ထောက်လှမ်းရေး အချက်ပြမှုများနှင့် ပြည်ပရောက် တရုတ်လူမျိုးများနှင့် အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

၆။ တရုတ်သူလျှိုများ၏ လုပ်နည်းလုပ်ဟန်များသည် အမေရိကန်၊ ဗြိတိန်၊ အစ္စရေးနှင့် အခြားနိုင်ငံများမှ ထောက်လှမ်းရေးအေးဂျင့်များနှင့် နှိုင်းယှဉ်ပါက ကွဲပြားသည်။ ဥပမာအားဖြင့်၊ တရုတ် ထောက်လှမ်း ရေးအေးဂျင့်များသည် သတင်းရယူရန်၊ မူဝါဒများကို လွှမ်းမိုးရန် သို့မဟုတ် တရုတ်ကို မျက်နှာသာမပေး သော လှုပ်ရှားမှုများကို ချုပ်ကိုင်ရေးအတွက် ဒေသတွင်း အရာရှိများ၊ နိုင်ငံရေးသမားများ၊ စီးပွားရေး သမားများ၊ ပညာရှင်များ၊ သတင်းစာဆရာများ၊ တက်ကြွလှုပ်ရှားသူများနှင့် တရုတ်လူမျိုးများကို လူစုဆောင်းခဲ့သည်။

၇။ ဂျာမနီ၏ ဖြစ်ရပ်တွင် ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်က တရုတ်အတွက် သူလျှိုအဖြစ် လုပ်ဆောင်မှုအတွက် ပြီးခဲ့သော သီတင်းပတ်က အာဏာပိုင်များက ဖမ်းဆီးခဲ့သည့် လူ သုံးဦးအနက်မှ တဦးသည် ဇွန်လ  ဥရောပပါလီမန်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် လက်ယာစွန်းပါတီ ဖြစ်သည့် Alternative for Germany (AfD)မှ ဖြစ်သည်။ ၎င်းမှာ AfD ၏ ဥရောပပါလီမန် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းဖြစ်သူ မက်ဆီမီလန် ကာရက်၏ လက်ထောက်အဖြစ် ဆောင်ရွက်နေ သည့် ဂျာမန်နိုင်ငံသား ကျန်းကျီ ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

၈။ ဂျာမန်နှင့် တရုတ်နိုင်ငံသားဖြစ်သည့် အသက် ၄၃နှစ်အရွယ် ကျန်းကျီသည် ဥရောပပါလီမန်နှင့် ပတ်သက်သည့် အချက်အလက်များကို တရုတ်ထောက်လှမ်းရေးထံ လွှဲပြောင်းပေးခဲ့ကြောင်း ဂျာမန်အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဥရောပပါလီမန်တွင် ပြုလုပ်ခဲ့သော စေ့စပ်ညှိနှိုင်းမှုများနှင့် ဆုံးဖြတ်ချက်များဆိုင်ရာ အချက်အလက်များကို ၎င်းက ပေးပို့ခဲ့သည်ဟု ယုံကြည်ရ သည်။ ၎င်းသည် ဂျာမနီရှိ တရုတ်အတိုက်အခံခေါင်းဆောင်များကို သူလျှိုလုပ်သည်ဟုလည်း သံသယရှိသည်။ ၎င်း၏သူလျှိုလုပ်ဆောင်မှုအသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ် သော်လည်း ယင်းဖြစ်ရပ်သည် ဂျာမန်လူမျိုးများကို တုန်လှုပ်သွားစေခဲ့သည်။ မက်ဆီမီလန် ကာရက်နှင့်အတူ ၂၀၁၉ခုနှစ်ကတည်းက အလုပ်လုပ်နေခြင်းကြောင့် တရုတ်မှ ခေါင်းဆောင်များထံ အရေးကြီးသည့် အချက်အလက်အများအပြားကို ပေးပို့နိုင်ခဲ့မည်ကို စိုးရိမ်နေ ကြောင်း BBC က ဖော်ပြခဲ့သည်။ 

၉။ ၂၀၁၃ ခုနှစ်တွင် ဂျာမနီလုံခြုံရေးဌာန BfV က ပုံမှန်မဟုတ်သောသတိပေးချက်တခုထုတ်ပြန်ခဲ့ပြီး “မကြာသေးမီနှစ်များအတွင်း၊ တရုတ်၏ပြည်နယ်နှင့်ပါတီခေါင်းဆောင်များသည် အရည်အသွေး မြင့်နိုင်ငံရေးသတင်းအချက်အလက်များရရှိရန်နှင့် နိုင်ငံခြားတွင် သြဇာလွှမ်းမိုးရေးလုပ်ငန်းစဉ်များကို လွှမ်းမိုးရန် သိသိသာသာ ကြိုးပမ်းလာခဲ့သည်။ BfV က ၂၀၂၂ခုနှစ်ကတည်းက တရုတ်ကို ယုံကြည်ကိုးစားနိုင်ခြေနှင့် ပတ်သက်၍ လူသိရှင်ကြား သတိပေးခဲ့ကြောင်း The New York Times က ဖော်ပြခဲ့သည်။ 

၁၀။ သူလျှိုလုပ်ဆောင်မှုများကြောင့် ဂျာမန်နိုင်ငံသားများကို ဖမ်းဆီးခြင်းသည် BfV မှ ယင်းသတိပေး ချက် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ ကျန်းကျီအဖမ်းခံရပြီးနောက်ပိုင်းတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတဦးကိုလည်း နိုင်ငံ၏ စစ်ဘက်ဆိုင်ရာနည်းပညာများရယူရာတွင် သံသယရှိမှုဖြင့် ဂျာမနီတွင် ထိန်းသိမ်းခဲ့သည်။ 

၁၁။ သို့သော် အဆိုပါသံသယရှိသူ သုံးဦးအနက်မှ သောမတ်အာသည် တရုတ်လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့ ဖြစ်သည့် MSS ၏ ဝန်ထမ်းတဦးအတွက် အေးဂျင့်အဖြစ် လုပ်ကိုင်ခဲ့သည်ဟု DW မှ ဖော်ပြခဲ့သည်။ စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်သည့် နည်းပညာအသစ်များအကြောင်း သတင်းအချက်အလက်များ ၎င်းက ရယူခဲ့သည်ဟု ဂျာမန်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ဂျာမနီ၏တိုက်ခိုက်ရေးရေယာဉ်များ၏ သုတေသနပြုမှုဆိုင်ရာ အချက်အလက်ရရှိရန် လုပ်ဆောင်ခဲ့ကြသောကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံးကို ဂျာမန်အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

၁၂။ ဟာဝှစ်အက်ဖ် နှင့် အိုင်နာအက်ဖ် တို့ ဇနီးမောင်နှံသည် ဒူဆက်ဒေါ့မြို့၌ ဟန်ပြရုံးဖွင့်လှစ်ခဲ့ပြီး ၎င်းမှ တဆင့် သိပ္ပံနှင့် သုတေသနနယ်ပယ်တွင် လုပ်ကိုင်နေသူများနှင့် ဆက်သွယ်ခဲ့သည်။ ဤနည်းဖြင့် ၎င်းတို့စုံတွဲသည် တိုက်ခိုက်ရေးသင်္ဘောများပေါ်တွင် အသုံးပြုရန်အတွက် စွမ်းဆောင်ရည်မြင့် သင်္ဘောအင်ဂျင်များ လည်ပတ်မှုဆိုင်ရာ စီမံကိန်းတခုကို ပထမဆုံး ပြီးမြောက်ခဲ့သည်။ ၎င်းတို့ဖမ်းဆီး ရမိချိန်တွင် သံသယရှိသူများသည် တရုတ်ရေတပ်၏ အခြားစီမံကိန်းများအတွက် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း DW က ဖော်ပြခဲ့သည်။

၁၃။ ဂျာမနီအဓိပတိ အိုးလက်ရှိုးစ် တရုတ်သို့ သွားရောက်လည်ပတ်ပြီး တပတ်အကြာတွင် ယင်းဖမ်းဆီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

၁၄။ သို့သော် ဥရောပတလွှားတွင် တရုတ်၏ ထောက်လှမ်းရေး သတင်းစုဆောင်းခြင်းဆိုင်ရာ လှုပ်ရှားမှု များ နှင့် ပတ်သက်၍ ကျွမ်းကျင်သူများက အမျိုးမျိုး ထင်မြင်ချက်ပေးကြသည်။ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နှင့် နော်ဝေးတို့တွင် တရုတ်၏ မကြာသေးမီက သူလျှိုလှုပ်ရှားမှုများက တရုတ်က နိုင်ငံရေးနယ်ပယ်နှင့် ဥရောပရှိ နည်းပညာကုမ္ပဏီများနှင့် တက္ကသိုလ်များသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေပြီး တရုတ်က ယင်းဖန်တီးလိုသည့် ကမ္ဘာ့အစီအစဉ်အသစ်အတွက် ခေါင်းဆောင်များနှင့် ရွေးကောက်တင်မြှောက်သူများမှတဆင့် နိုင်ငံရေး လုပ်ငန်းစဉ်များထိန်းချုပ်ရန် ကြိုးစားနေသည်ဟု အချို့က ဆိုသည်။ 

၁၅။ ၂၀၂၃ ခုနှစ် မတ်လတွင် ဖမ်းဆီးခံခဲ့ရပြီး တရုတ်အတွက် သူလျှိုလုပ်မှုဖြင့် တရားဝင်တရားစွဲဆိုခံ ထားရသော ဗြိတိန်နိုင်ငံသားနှစ်ဦးတွင် အာဏာရ ကွန်ဆာဗေးတစ်ပါတီမှ သုတေသီတဉီးလည်း ပါဝင်သည်။ သုတေသီ ခရစ်တိုဖာ ကက်ရှ်သည် ကွန်ဆာဗေးတစ် လွှတ်တော်အမတ် အများအပြားထံမှ သတင်းများရရှိခဲ့ကြောင်း The Sunday Times က ဖော်ပြခဲ့သည်။ 

၁၆။ သုတေသီသည် လုံခြုံရေးဝန်ကြီး တွန်တူဂန်ဟတ် နှင့် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ အဲလက်စီ ရာကန်တို့အပါအဝင် အခြားသူများထံမှ သတင်းများရရှိခဲ့ကြောင်း ဗြိတိန် Sunday သတင်းစာက ဖော်ပြခဲ့သည်။ 

၁၇။ ဗြိတိန်အစိုးရက တရုတ်ဟက်ကာများသည် ဗြိတိန်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ထံမှ အချက်အလက်များကို ခိုးယူခြင်းနှင့် ဥပဒေပြုအမတ်များအား စောင့်ကြည့်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ သည်ဟု စွပ်စွဲပြီးနောက် လန်ဒန်ရှိ တရုတ်သံရုံးတာဝန်ခံကို ဆင့်ခေါ်ခဲ့ကြောင်း မတ်လတွင် ရိုက်တာက ဖော်ပြခဲ့သည်။ သို့သော် ဗြိတိန်နှင့် ဂျာမနီနိုင်ငံများတွင် နိုင်ငံရေး ခြယ်လှယ်မှုများတွင် တရုတ်ပါဝင်မှုမှာ မြင်သာ‌နေသော်လည်း မည်သည့်အမှားအယွင်းမျှ မပြုလုပ်ကြောင်း တရုတ်က ငြင်းဆိုထားသည်။ “တရုတ်သူလျှိုကိစ္စနဲ့ တရုတ်သူလျှိုတွေရဲ့ ခြိမ်းခြောက်မှုက အခြေအမြစ် ကင်းမဲ့တယ်ဆိုတာ အကြိမ်ပေါင်းများစွာ အလေးပေး ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေကို ကျွန်ုပ်တို့ ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ပြောကြားခဲ့သည်။

၁၈။ ယင်းသို့ ငြင်းဆိုသော်လည်း တရုတ်က ဥရောပအား ယင်း၏ သူလျှိုလုပ်ရှားမှု၏ အချက်အချာ နေရာ အဖြစ် သတ်မှတ်ထားသည်။ နယ်သာလန် စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီ MIVD က တရုတ် သူလျှိုများသည် ဒတ်ခ်ျတပိုင်းလျှပ်ကူးပစ္စည်း၊ အာကာသယာဉ်နှင့် ရေကြောင်းဆိုင်ရာ လုပ်ငန်းများကို ပစ်မှတ်ထားသည်ဟု ဧပြီလ ၁၈ ရက်က နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲက ဗြိတိန်တနိုင်ငံတည်းတွင် တရုတ်သူလျှိုများသည် LinkedIn ကဲ့သို့သော လူမှုမီဒီယာများမှတဆင့် သတင်းအချက်အလက်ပေးရန်အတွက် လူ ၂၀,၀၀၀ ကျော်ထံ ချဉ်းကပ်ခဲ့ ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။ အလားတူ ယခုနှစ်အစောပိုင်းတွင် နော်ဝေးထောက် လှမ်းရေးဌာနက တရုတ်သူလျှိုများသည် ဥရောပတဝန်းလုံးတွင် ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး နိုင်ငံရေးနှင့် စက်မှုလုပ်ငန်း သူလျှိုလုပ်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ဆိုသည်။ ဂျာမနီနှင့် ဗြိတိန်တွင် မကြာသေးမီက ဖမ်းဆီးမှုများသည် ယင်းအချက်ကို ဖော်ပြနေသည်။