ကောလင်းတွင် စစ်ကောင်စီတပ်က လူနေအိမ်များကို မီးရှို့

ပုံအညွှန်း။ ။ ကောလင်းမြို့နယ် ယမရွာရှိ စစ်ကောင်စီတပ်မှမီးရှို့ထားသော နေအိမ်များနဲ့ တံတားတစင်း တွေ့ရစဥ် (ဓာတ်ပုံ။ ။ CJ)

ပုံအညွှန်း။ ။ ကောလင်းမြို့နယ် ယမရွာရှိ စစ်ကောင်စီတပ်မှမီးရှို့ထားသော နေအိမ်များနဲ့ တံတားတစင်း တွေ့ရစဥ် (ဓာတ်ပုံ။ ။ CJ)

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီး ယမကျေးရွာရှိ လူနေအိမ်များနှင့် ကောလင်းမြို့သို့ ဆက်သွယ်ထားသော တံတားတစင်းအား ယနေ့ ဖေဖော်ဝါရီ ၁၆ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း Kawlin Revolution – KRအဖွဲ့နှင့် မြေပြင်ရဲဘော်သတင်းရင်းမြစ်ထံမှ သိရသည်။

“နေအိမ်တွေမီးရှို့တာဟုတ်တယ်။ မြို့ကုန်း၊ မြို့မရပ်က ဈေးတန်းဘက်ကိုနေ့တိုင်းရှို့တာ။ ဒီနေ့မှာလည်း မြို့အထွက် ယမရွာဘက်က နေအိမ်တွေမီးရှို့တယ်။ ပြီးတော့ ယမရွာနဲ့ ကောလင်းကိုဆက်ထားတဲ့ တံတားလည်း မီးတင်ရှို့သွားတာပါ။ ယမရွာက ကောလင်းမြို့ရပ်ကွက်တွေနဲ့ဆက်နေတာ။ အဲဒီတံတားက မြို့တွင်းကနေ တမိုင်ခွဲ နှစ်မိုင်လောက်ဝေးမယ် ” ဟု မြေပြင်ရဲဘော်သတင်းရင်းမြစ်မှ မဇ္စျိမအားပြောသည်။

စစ်ကောင်စီတပ်မှ ကောလင်းမြို့ကို အင်အားထောင်ချီသုံးပြီး ညှပ်ပိတ်ထိုး စစ်ဆင်တိုက်ခိုက်လျှက်ရှိနေပြီး ကောလင်းမြို့ပေါ်နေရာအချို့ကိုလည်း အပိုင်စီးအထိုင်ပြန်ချထားကြောင်း မြေပြင်ရဲဘော်သတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ နံနက် ၈နာရီ ၃၀မိနစ်အချိန်တွင် ကောလင်းမြို့တွင်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေကြောင်း Kawlin Revolution- KR အဖွဲ့မှ ပြောသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး မြေပြင်ရဲဘော်တဦးကို မဇ္စျိမမှ ဆက်သွယ်မေးမြန်းရာ တိုက်ပွဲမပြီးသေး၍ ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း ပြောသည်။

ယနေ့ နံနက် ၁၁နာရီခန့်တွင် ကောလင်းမြို့အတွင်းမှ စစ်ကောင်စီတပ်အချို့ မင်းတဲကြီးရပ်ကွက်သို့ ဖြန့်ထားပြီး ထိုရပ်ကွက်ထဲက လူနေအိမ်များကိုလည်း မီးရှို့နေကြောင်း Kawlin Revolution- KR ထံမှ သိရသည်။

ထို့အပြင် ဝန်းသို ခြေမြန်တပ် ခမရ(၁၂၀)တပ်ရင်းမှ ဟောင်ဝှစ်ဇာအမြောက်ဖြင့် ရမ်းသန်းပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ကောလင်းမြို့အနောက်ဘက်ရှိ ဘိုးဘွားရိပ်သာ ထမင်းစားဆောင်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုအဆောင်ပျက်စီးသွားကြောင်း သိရသည်။

“အခြေအနေအမှန်ကို ကျနော်ပြောရမယ်ဆိုရင် စစ်ကောင်စီတပ်တွေက မြို့ပတ်ပတ်လည်ကို ကာထားတဲ့သဘောရှိတယ်။ သူတို့လူတွေ မြို့ထဲမှာ လုပ်ချင်းတိုင်းလုပ်ဖို့ ပစ္စည်းတွေထုတ်ချင်တိုင်းထုတ်ဖို့ မီးရှို့ဖို့ အလောင်းဖျောက်ဖို့ ကာပေးထားတဲ့သဘောပါ။ ဒါပေမဲ့ မြို့အပြင်ကနေ အနီးဆုံးဝိုက်ထားပါတယ်။” ဟု ရှေ့တန်း ရဲဘော်သတင်းရင်းမြစ်က ပြောသည်။

“ကောလင်းမြို့ကို စခ(စစ်ကောင်စီတပ်)တွေ ပြန်ထိန်းချုပ်တာမဟုတ်ပါဘူး၊ သုံး လေးနေရာကိုတော့ ထိန်းထားနိုင်တယ်။ ကစားကွက်ပြောင်းလိုက်တာ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ် မနေ့ညရော ခုရော၊ မြို့ထဲမှာ မနေ့ကလည်း မီးလောင်တယ်။” ဟု Kawlin Info က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ရက် နံနက်မှစ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ ဖေဖော်ဝါရီလ ၁၃ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မြို့တွင်းမှ ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ စစ်ကောင်စီတပ်များသည် ကောလင်းမြို့တွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကောလင်းမြို့အနီးဝန်းကျင်ရှိ ယမကျေးရွာအပါအဝင် အခြားကျေးရွာများကိုမီးရှို့ဖျက်ဆီးခြင်း၊ ဝန်းသိုစစ်တပ် ခမရ(၁၂၀)တပ်ရင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ခရိုင်အဆင့်မြို့ကြီးဖြစ်သည့် ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၆ ရက်နေ့တွင် အမှတ်(၁)စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံဦးရေ ၂၅,၀၀၀ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှထုတ်ပြန်သည်။

စာတည်း – သန့်ဇော်(သန်လျင်)