နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၁၆ဖေဖော်ဝါရီ၂၀၂၄) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ပြီး ကြားကာလ ဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ကိုင်တွယ်စီမံနိုင်ရန် စီမံချက်ရေးဆွဲပြင်ဆင်နေကြောင်း ပြောကြား ခဲ့သည်။ 
  • အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန(NUG-MOH) က ကြားကာလ ပြည်နယ်၊ ဖက်ဒ ရယ် ယူနစ်များအတွင်းရှိ ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် အထူးကု ဆရာဝန် များနှင့် ကျန်းမာရေးဝန် ထမ်းများခေါ်ယူမည်ဟု ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ရှိသည့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၆ /၂၀၂၄) ကို ဖေဖော်ဝါရီ ၁၅ ရက်၊ ညနေ ၃ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုကို ခံယူကာ PDF တပ်ရင်းများအဖြစ် တိုက်ပွဲဝင်နေသည့် ပခုက္ကူခရိုင်၊မြိုင်ဒေသအခြေစိုက် အမှတ် (၂)တပ်ရင်း ၊ အမှတ် (၆)တပ်ရင်း၊ အမှတ် (၇)တပ်ရင်း နှင့် အမှတ် (၁၇)တပ်ရင်း၏ တပ်ရင်းရပ်တည်‌ရေး နှင့် စစ်ရေး၊ ဘဏ္ဍာရေးလိုအပ်ချက်များအတွက် ထောက်ပို့တပ်ရင်းကို ဖွဲ့စည်းခဲ့ရကြောင်း သိရသည်။ 
  • ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများနှင့် လူငယ်များအား လူသားချင်းစာနာ ထောက်ထားမှုဖြင့် ကူညီကာကွယ်ပေးကြရန် နိုင်ငံတကာကို တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရ သည်။ 
  • စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေ ပိုင်းက ပြည်သူ့ ကာကွယ် ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ပျူစောထီးလေးဦး သေဆုံးပြီး ကာကွယ် ရေးရဲဘော် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖလက်ခွန်သင်္ဘောတစ်စီးကို ဖေဖော်ဝါရီ ၁၅ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က ပစ်ခတ်တိုက် ခိုက်ခဲ့ရာ သင်္ဘောထိမှန်ခဲ့ပြီး သင်္ဘောပေါ်ပါ စစ်ဗိုလ်တစ်ဦး မေးရိုးထိမှန် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force – ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ တန့်ဆည်-မင်းကင်း မြို့နယ် အစပ် မဟာမြိုင်တော မယ်တော်ကြီး နတ်နန်း အနီးသို့ ‌အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီ ၁၅ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဂျက်ဖိုက် တာဖြင့် လေကြောင်းတိုက်ခိုက်မှုများကို ၂ ရက်အတွင်း ၄ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံး၍  ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း တန့်ဆည်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပြည်ထောင်စု လမ်းမကြီးတွင် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၅ ရက်၊ ည ၁၁ နာရီခွဲခန့်က လေကြောင်းထပ်မံ တိုက်ခိုက်ခဲ့၍ အသက် (၇ဝ) အရွယ် အဘိုးအို တစ်ဦး သေဆုံးခဲ့ကြောင်း People’s Defense Comrade အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က ပြောသည်။ 
  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ – ပေါက်လမ်းပိုင်းတွင် ဂိတ်ဆောက်လုပ်ရန် ပြင်ဆင်နေသော စစ်တပ်နှင့် စစ်ယာဉ်တန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်၊ နံနက် ၁၁ နာရီခန့်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Pakokku People Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာရှိ စစ်ကောင်စီ၏ ပင်မစစ်လက်နက် သိုလှောင်ရေးတပ်  စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု OPRF – PLA က ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။ 
  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအနီး အခြေစိုက်ထားသည့် စစ်တပ်၏  ခလရ ၅၅၆ တပ်ရင်း အတွင်းသို့ ဖေဖော်ဝါရီ ၁၅ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြာင်း ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ – တနင်္သာရီမြို့နယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
  • ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ စစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်မှု ၂၆၃ ကြိမ်ပြုလုပ်ထားပြီး အရပ်သား ကိုးဦးသေဆုံး ခဲ့ကြောင်း ပအိုဝ်း လူငယ်အစည်းအရုံး (PYO) က ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ 
  • အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေး(ခ) မနှင်းမေ အောင်ကို စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်ပြီ ဟု သတင်းများ ထွက်ပေါ်နေကြောင်း မနိုဘယ်အေး၏ မိတ်ဆွေတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းဌာနများတွင် ရေးသားထားသည်။ 
  • ကရင်နီ(ကယား) ပြည်နယ်၊ ရှားတောမြို့သိမ်းတိုက်ပွဲတွင် ဒရုန်းတိုက်ခိုက်ရေးအဖွဲ့က မစ်ရှင်ရာချီ ပါဝင်တိုက်ခိုက်ခဲ့ရပြီး စစ်တပ်က တိုက်ပွဲအတွင်း ပြည်သူ ၇ ဦးကို သတ်ဖြတ်ခဲ့ကာ  စစ်သုံ့ပန်း အများ အပြား ဖမ်းဆီးရရှိထားကြောင်း လွိုင်ကော်PDF က သတင်း ထုတ်ပြန်သည်။ 
  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထိန်ဝင်းကို ပြည်သူများ၏ တိုင်ကြားချက်အရ ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက်ပိုင်းက ဝင်ရောက် ဖမ်းဆီးခဲ့သော်လည်း ထွက်ပြေး လွတ်မြောက်သွားသည်ဟု ရေးပြောက်ကျားတပ် YGF(ဒေါနတပ်ခွဲ-၃)က သတင်း ထုတ်ပြန်ထားသည်။ 
  • ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ကုလသမဂ္ဂရုံးရှေ့တွင် တော်လှန်ရေးရဲဘော် ၂ ဦး အပါအဝင် ပြည်သူများကို စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်နေမှု နိုင်ငံတကာက အရေးယူရန် ဂျပန်ရောက်မြန်မာများက ဖေဖော်ဝါရီ ၁၅ ရက်က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရခိုင်ပြည်နယ်၊ ရမ်းဗြဲ၊ ရသေ့တောင်၊ မောင်တော မြို့များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု AA က သတင်းထုတ်ပြန် သည်။ 
  • ရခိုင်ပြည်နယ်၊ မြေပုံမြို့ပေါ်ရှိ စစ်တပ်နှင့်ရဲစခန်းများအားလုံးကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး AA က ထိန်းချုပ်ထားသော မြို့ပေါင်း ၇ မြို့ရှိလာကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ 
  • ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မြောက်ဘက်တွင် ဖေဖော်ဝါရီ ၁၅ ရက်က တိုက်ပွဲ ဖြစ်ပြီး စစ်သား၊ ပြည်သူ့စစ် ၂ ဦးထက်မနည်းသေဆုံးကာ မူးယစ် ဆေးဝါးနှင့်ခဲယမ်းအချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထံမှ သိရသည်။ 
  • အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို ပအိုဝ်း လူငယ်များ ပြတ်သားစွာ ဆန့်ကျင်ပြီး PNLO / PNLA ထံ လာရောက် ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 
  • စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်မည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့၏ ကြေညာချက်ကို မွန်ပြည်သူများက မွန်အလံထောင်၍ ကြိုဆိုကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ 
  • ကရင်နီ(ကယား) ပြည်နယ်၊ ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး အဆင့်အရာရှိများမှ စ၍ စစ်သည် နှင့် ရဲများ ၁၆၀ ကျော်သေဆုံး၊ သေနတ် ၁၅၀ လက်နှင့် ခဲယမ်းများ အပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိကြောင်း KNDF ၏ ပြန်ကြားရေးတာဝန်ခံ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 
  • ကရင်အမျိုးသားအစည်းအရုံး (KNU) ကျောက်ကြီး (လယ်ဒို) မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး (၁၈)နှစ် အောက် ကလေးလေးဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု KNU ဗဟိုက ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • ပြည်သူ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း အများပြည်သူ ထိတ်လန့်တုန်လှုပ်ခြောက်ခြားစေရန် ရည်ရွယ်ပြီး ပေါ်တာဆွဲမှုများ ထုတ်လွှင့်နေခြင်း တွေရှိသည့်အတွက် သတိထားကြရန် စစ်ကောင်စီ ဝါဒ ဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။ 
  • အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ စစ်မှုထမ်းနိုင်သည့် လူငယ် အမျိုးသမီး နှင့် အမျိုးသား အရေအတွက် မြေပြင် စာရင်းများကို ယခုလ နောက်ဆုံးထား၍ တင်ပြရန် အရေးပေါ် တောင်းခံ ထားသဖြင့်  ဒေသအုပ်ချုပ်ရေးအဖွဲ့များက စာရင်း အမြန်ဆုံးကောက်ယူနေရကြောင်း စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။ 
  • စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန် ဒေါ်လာ ၉ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ကို ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ရောင်း ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 
  • ဆန္ဒမဲပေးနိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေးအတွက် ကျန်လပ်မှု မရှိစေရန် ၂၀၂၄ ခုနှစ် အောက် တိုဘာလတွင်ပြည် လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီး ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ လက် အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ဖေဖော်ဝါရီ ၁၅ ရက်က ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် မဲဆန္ဒရှင်စာရင်း ပြုစု ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။ 
  • ပြည်ပနိုင်ငံများကို အလုပ်သမားစေလွှတ်နိုင်ရေး အလုပ်ခေါ်စာတင်ပြခြင်းအပါအဝင် စေလွှတ်ရေး လုပ်ငန်းစဉ်များကို ပုံမှန်ပြန်လည် ဆောင်ရွက်ပေးနေသည်ဟု စစ်ကောင်စီ လက်အောက်ခံ အလုပ် သမားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သည်။ 
  • ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ ၊စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ လုပ်သား ၉၃၇ ဦးခေါ်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ 
  • တနင်္သာရီတိုင်း၊ ကော့သောင်းမြိုနယ်အနီး မြန်မာ့ပင်လယ်ပြင် အ တွင်း ရေဝင်နစ်မြုပ်သည့် ကင်းမွန် မီးထွန်းလှေမှ လုပ်သား (၇) ဦးကို စစ်ကောင်စီရေတပ်မှ သွားရောက် ကူညီ ကယ်ဆယ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 
  • ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်အရှေ့ဘက်၊ တလုပ်ပင်ကျေးရွာအုပ်စုတွင် စစ်တပ်ပေါ်တာဆွဲမှုများ မဖြစ်ပေါ်စေရန်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး ရဲမြင့် နှင့် စစ်သားများက ကျေးရွာများမှ တစ်အိမ် ထောင်လျှင် ငွေကျပ်သုံးသောင်း ကောက်ခံနေကြောင်း ဒေသခံပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြသည်။ 

ဖေဖော်ဝါရီ ၁၆ သုံးသပ်ချက် 

  • စစ်ကောင်စီတပ်အနေဖြင့် လက်ရှိ တပ်တွင်းအင်အားလျော့နည်းမှု များပြားနေသည့်အတွက် မြို့ကြီး များ တွင် လူငယ်လူရွယ် များကို ပေါ်တာဆွဲမှုများ ပြုလုပ်နေသော်လည်း စစ်ကောင်စီဝါဒဖြန့်ချိရေးအဖွဲ့က ထုံးစံအတိုင်း လိမ်လည်ဝါဒဖြန့်နေသည်ကို တွေ့ရသည်။ 
  • ရခိုင်ဒေသတွင် စစ်ကောင်စီတပ် စစ်ရေးရှုံးနိမ့်မှုများနှင့် တပ်ပျက်နေသည့်အတွက် စစ်ဘက် နှင့် အရပ် ဘက် ဝန်ထမ်းများ ဘေးလွတ်ရာသို့ ထွက်ပြေးရန် အပူတပြင်း လုပ်ဆောင်နေသည်ကို တွေ့ရ သည်။