ဘီးလင်းလျှပ်စစ်ရုံးဗုံးပေါက်ကွဲမှုဝန်ထမ်းဒဏ်ရာရ

ပုံအညွှန်း- ဗုံးပေါက်ကွဲမှုကြောင့် တောင်စွန်း လျှပ်စစ်ရုံး အဆောက်အအုံ ပျက်စီးမှုများ /(ဓါတ်ပုံ- CJ)

YT

(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊မြို့မရပ်ကွက်ရှိ လျှပ်စစ်ရုံးတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့နံနက်အစောပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်းတဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လျှပ်စစ်ရုံးအဆောက်အအုံအတွင်း ငွေလက်ခံကောင်တာအနီးတွင် ယမန်နေ့နံနက် ၃ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ညစောင့်ဝန်ထမ်းဖြစ်သူ ကိုထွန်းထွန်းဦး ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး ရုံးပင်မအဆောက်အအုံ၊ လျှပ်စစ်မီးဖြန့်ဝေသည့်ထရန်စဖော်မာနှင့် ဦးစီးမှူးနေအိမ်ထိခိုက်ပျက်စီးခဲ့သည်ဟုသိရသည်။

” လူအိပ်ချိန်မို့လားမသိဘူး။ ပုံမှန်ထက် ပိုကျယ်တယ်ဗျ အသံက။ တော်တော်ပျက်စီးသွားတယ်လို့ သွားကြည့်တဲ့သူတွေက ပြောတာပဲ” ဟုဒေသခံတဦးက ပြောသည်။

ထိုဖောက်ခွဲမှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် PDF များ​က ပြုလုပ်ခြင်းဟု စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက ရေးသားဖော်ပြနေကြသော်လည်း ဒေသတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တစုံတရာသတင်းထုတ်ပြန်ထားခြင်း မရှိသေးချေ။

” ဘယ်အဖွဲ့သွားလုပ်တယ်ဆိုတာကို ကျွန်တော်တို့ အခုထိ မသိရသေးဘူး။ ကျွန်တော်တို့တော့ သွားလုပ်တာ မဟုတ်ဘူး” ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက ပြောသည်။

KNLA ထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်စွာ ဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က နိုင်ငံ‌‌တော်အာဏာသိမ်းပြီးနောက်ပိုင်း ဘီးလင်းမြို့နယ်မှ လျှပ်စစ်ရုံး၊ အခွန်ရုံး၊ ရဲစခန်း၊ မြေယာစီမံကိန်းရုံး စသည့် စစ်ကောင်စီလက်အောက်ခံ ရုံးများသည် တော်လှန်ရေးအင်အားစုများ​၏ မကြာခဏတိုက်ခိုက်ခံခဲ့ရပြီး အဆောက်အအုံပျက်စီးမှုများ ဖြစ်ခဲ့သည်။ လတ်တလောတွင် ဘီလင်းမြို့နယ်၌ စစ်ရေးအခြေအ‌နေငြိမ်သက်နေသည်။

စာတည်း – အေးချမ်း