တံတား ၂ စင်းဖျက်စီးကာ စစ်ကောင်စီတပ် မအီမြို့မှဆုတ်ခွါ

ဓါတ်ပုံ- CJ၊ We Love MAEI

ဓါတု

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ကျောက်ဖြူ-မအီမြို့အဝင် ကျောက်ကြီးပေါက်တံတားနှင့် မအီတံတား နှစ်စင်းကို စစ်ကောင်စီတပ် မအီမြို့မှ တပ်ဆုတ်ခွာပြီးနောက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံ သိရသည်။

အဆိုပါ တံတားနှစ်စင်းအား ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက် ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ မြို့စွန့်ခွာ၍ မြို့အထွက်တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

“မအီတံတားကို စစ်သားတွေ ရဲတွေ တံတားချိူးခဲ့တာ၊ အဓိက ရက္ခိုင့်တပ်တော်(AA) ကို မဝင်နိုင်အောင်စစ်တပ်ကချိုးတာ။ ကျောက်ဖြူဘက်သွားတဲ့ တံတားတစင်းလည်း ဖျက်ဆီးလိုက်တယ်။ နောက်ပြီး သူတို့ဆုတ်ခွာတော့ အပြန် လေယာဥ်ပေါ်ကလည်း တောက်လျှောက်ပစ်တာ” ဟု ၎င်းမြို့ခံကဆိုသည်။

အဆိုပါ တံတားနှစ်စင်းအနက် မအီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး မြို့အဝင်ကျောက်ကြီးတံတားအား တပ်ဆုတ်ပြီးအပြန် လေယာဥ်ပေါ်မှပစ်ခတ်ဖျက်ဆီးခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“မအီမှာ စစ်ကောင်စီတပ်တွေမရှိတော့ဘူး၊ မနက်ကတည်းက မြို့ကထွက်ဖို့ဟတ်စကီး(ရဟတ်ယာဥ်)၊ လေယာဥ်တွေနဲ့ သူတို့မိသားစုဝင်တွေလည်းပါတယ်၊ ရှောင်ကြတာ တနေ့တည်း ခဏခဏလေယာဥ်တွေနဲ့ ထွက်ခွာကြတာ။ တံတားကျိုးတာဖြစ်တော့ မအီမြို့ကလူတွေ တောင်ကုတ်မြို့ဘက်ပြေးလာတာ၊ တောင်ကုတ်မှာ လူရုတ်ရုတ်နဲ့ လမ်းပေါ်လူတွေ(အရပ်သား)အများကြီးပဲ။ “ဟု မအီမြို့ခံတဦးက ပြောသည်။

အဆိုပါ ပစ်ခတ်ဖောက်ခွဲမှုများကြောင့် မအီတံတားအနီးရှိလူနေအိမ်အချို့ထိခိုက်ပျက်စီးမှုရှိသော်လည်း အသေးစိတ်အခြေအနေအား မသိရသေးပေ။

ယင်းတံတားနှစ်စင်းမှာ အကွာအဝေးအားဖြင့် ခန့်မှန်း နှစ်မိုင်မှ သုံးမိုင်သာကွာဝေးကြောင်းသိရသည်။

မအီမြို့သည် တောင်ကုတ်မြို့နယ်မြောက်ဘက်စွန်းရှိ မအီချောင်းတံတားနှင့်ကပ်လျက် မအီမြစ်ချောင်းနား တည်ရှိသည်။

စစ်ကောင်စီတပ်အနေဖြင့် ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်အရှိန်ကြောင့်ကုန်းလမ်းကြောင်းအား ဖြတ်တောက်ရန် ယခုလ ဖေဖော်ဝါရီလအတွင်း စစ်တွေ-ရန်ကုန်လမ်းမပေါ်ရှိ မင်းချောင်းတံတားနှင့် ယင်းမြို့နှင့်လမ်းကြောဆက်နေသည့် ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားကိုပါ မိုင်းခွဲဖျက်ဆီးပစ်ခဲ့သေးသည်။

သုံးလကျော် ကြာမြင့်လာပြီဖြစ်သော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား နေရာအနှံ့တိုက်ပွဲများ ပြင်းထန်နေရာ ယမန်နေ့ဖေဖော်ဝါရီလ ၁၆ ရက်အထိ ရသေ့တောင်၊ မောင်တောမြို့တို့တွင် တိုက်ပွဲအရှိန်မြင့်တက်နေ၍ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)