Super Bowl အောင်ပွဲခံချီတက်ပွဲမှာ သေနတ်ပစ်ခံရပြီး သေဆုံးသူ မိသားစုကို ဒေါ်လာ ၁၀၀,၀၀၀ တေလာဆွစ်ဖ် ပေးအပ်

By PKThawn

ကင်းဆပ်စ်စီတီးချိဖ်စ်အသင်းရဲ့ Super Bowl အောင်ပွဲခံရာမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ မိသားစုကို ထောက်ပံ့တဲ့ ရန်ပုံငွေပွဲတခုမှာ တေလာဆွစ်ဖ်က ဒေါ်လာ ၁၀၀,၀၀၀ ကို သောကြာနေ့မှာ လှူဒါန်းခဲ့ပါတယ်။

ကလေးငယ်များစွာအပါအဝင် လူ ၂၂ ဦး ဒဏ်ရာရရှိသွားတဲ့ ပစ်ခတ်မှုမှာ သေဆုံးသွားခဲ့တဲ့ အဲလိဇဘက် လိုပက်ဇ်-ဂယ်ဗန်ရဲ့ မိသားစုအတွက် ဒေါ်လာ ၇၅,၀၀၀ ထိ စုပေးဖို့ ရည်ရွယ်ပြီး GoFundMe စာမျက်နှာမှာ တည်ထောင်ခဲ့တာပါ။

“မင်းရဲ့ ထိခိုက်ဆုံးရှုံးမှုအတွက် အလေးအနက်ထား ဝမ်းနည်းကြောင်း သတင်းစကား ပေးပို့လိုက်ပါတယ်။ တေလာဆွစ်ဖ်ဟာ ဒီအကြောင်းအရင်းကို ရည်ရွယ်ပြီး မေတ္တာနဲ့ ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းတဲ့ စာတစောင်ကို ဖတ်ပြခဲ့ပါတယ်။ အလားတူ ပမာဏအတွက် ဒုတိယအကြိမ် လှူဒါန်းမှုကို မိနစ်ပိုင်းအကြာမှာ ပေးအပ်ခဲ့ပါတယ်။

အဆိုပါစာမျက်နှာပေါ်က အလှူငွေတွေဟာ အဆိုတော်ဆီကနေ လှူဒါန်းမှုတွေ အမှန်ဖြစ်တယ်လို့ ဆွစ်ဖ်ရဲ့ လက်ထောက်တဦးက Variety မဂ္ဂဇင်းကို အတည်ပြုပေးခဲ့ပါတယ်။

ဆွစ်ဖ်နဲ့အတူ လူပေါင်း ၂,၀၀၀ ကျော်က ဒေါ်လာ ၂၀၀,၀၀၀ ကျော် ရရှိထားတဲ့ အဆိုပါစာမျက်နှာမှာ လှူဒါန်းခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့က ပစ်ခတ်မှုဟာ “အငြင်းပွားမှု”တခုရဲ့ ရလဒ်ဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ အရွယ်မရောက်သေးသူ နှစ်ဦးလည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

NFL ချန်ပီယံတွေရဲ့ အောင်ပွဲခံချီတက်ပွဲအတွက် ပျော်မြူးနေတဲ့ ပရိသတ် တသန်းအထိ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ စုရုံးလာခဲ့ကြတာပါ။

အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေဟာ လူတွေထက် သေနတ်တွေ ပိုမိုများပြားတဲ့ အမေရိကန်မှာ အဖြစ်များပြီး အရွယ်ရောက်ပြီးသူ သုံးပုံတပုံခန့်က သေနတ်ကိုင်ဆောင်ထားကြပါတယ်။

ချိဖ်စ်အသင်းဟာ တနင်္ဂနွေနေ့က လာ့စ်ဗီးဂတ်စ်မှာ ဆန်ဖရန်စစ္စကို 49ers အသင်းကို အနိုင်ရပြီးနောက် ငါးရာသီအတွင်း သူတို့ရဲ့ တတိယမြောက် Super Bowl ဖလားကို ဆင်နွှဲခဲ့ကြတာပါ။

ဆွစ်ဖ်ဟာ ချိဖ်စ်အသင်းသားဖြစ်တဲ့ ထရာဗစ်ကယ်လ်စီနဲ့ ချိန်းတွေ့နေတာဖြစ်ပြီး တနင်္ဂနွေနေ့ရဲ့ ချန်ပီယံဗိုလ်လုပွဲအပါအဝင် ရာသီတလျှောက်လုံးမှာ ပုံမှန်ပွဲတက်အားပေးနေသူတဦးဖြစ်ပါတယ်။

မီဂါစတားဟာ လက်ရှိမှာ သူမရဲ့ အကျော်ကြားဆုံး Eras ကမ္ဘာလှည့်ဖျော်ဖြေပွဲရဲ့ တစိတ်တပိုင်းအဖြစ် သြစတြေးလျမှာ ရှိနေပါတယ်။

(AFP)