စစ်ကောင်စီအကြိုက် ဖြစ်မသွားဖို့လိုတဲ့ စစ်မှုထမ်းဥပဒေဂယက်

ဓားရိုင်း

ဒီတစ်ကြိမ် ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြား စစ်ကောင်စီပစ်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေဂယက်ဟာ အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။ သာမန်အခြေအနေမှာ ဒီဥပဒေဟာပြည်သူ တွေအတွက် စိတ်ကသိကအောက်ဖြစ်စရာမလိုပေမယ့် အခုလို စစ်တပ်ကိုနာကြည်းနေချိန်မှာ ဒီဥပဒေအသက် ဝင်လာတာကတော့ ပြည်သူတွေအနေနဲ့ ဘယ်လောက်အထိ စိတ်ကသိကအောက်ဖြစ်နေမလဲဆိုတာမေးကြည့် စရာတောင်လိုမယ်မထင်ပါဘူး။ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ နိုဝင်ဘာ ၄ ရက်မှာ နိုင်ငံတော် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥပဒေပြုခဲ့တာဖြစ်ပါတယ်။ အရပ်သား အစိုးရ တွေလက်ထက်မှာ ကျင့်သုံးခဲ့တာမရှိတဲ့ ဒီဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကစတင်ကာ အာဏာတည် စေရမယ်ဆိုပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုးပြီးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီဥပဒေအရ နိုင်ငံသားတိုင်းစစ်မှုထမ်းရမှာဖြစ်ကာ အမျိုးသားတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် မပြည့်ခင်အထိသတ်မှတ်ထားပြီး အမျိုးသမီးတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ် အထိ သတ်မှတ်ထား တာပါ။ ဒါ့အပြင် စစ်မှုထမ်းဖို့အတွက် အတတ်ပညာတစ်ခုခုနဲ့ ကျွမ်းကျင်သူဖြစ်ပါက အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိနဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားသလို စစ်မှုထမ်းကာ လကို နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ဖို့ သတ်မှတ်ထားပါတယ်။ စက်မှုလက်မှုပညာသည်တွေ၊ ကျွမ်းကျင်သူတွေ အဖြစ် ဆင့်ခေါ်ခံရသူတွေအနေနဲ့ သုံးနှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး အရေးပေါ် အခြေအနေတွေမှာ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့လည်း အဲဒီဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။  

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ပြည်နယ်နဲ့တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး အဲဒီအဖွဲ့က စစ်မှုထမ်းဖို့ဆင့်ခေါ်မှာဖြစ်ပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူအနေနဲ့ တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြ ငြင်းဆို မယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့လည်းဆိုထားပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အရ ကင်းလွတ်ခွင့်ရမယ့်သူတွေကတော့ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ(အိမ်ထောင် ပျက်ပေမယ့် သားသမီးရှိသူ အမျိုးသမီးတွေ)၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲမသန်စွမ်းသူတွေ၊ စစ်တပ်ဆေးတပ်ဖွဲ့ စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းဖို့ အမြဲတမ်းမသင့်လျော်သူအဖြစ်သတ်မှတ်ခံရသူတွေနဲ့ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့်ပြုထားသူတွေကတော့ ကင်းလွတ်ခွင့်ရမှာဖြစ်ပါ တယ်။ လက်ရှိကမ္ဘာပေါ်မှာ စစ်မှုမထမ်းမနေရပြဋ္ဌာန်းထားတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံလောက်ရှိပြီး စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းကာ စစ်မှုထမ်းဆောင်စေတာမရှိတဲ့နိုင်ငံတွေရှိသလို မဖြစ်မနေထမ်းဆောင်စေတဲ့နိုင်ငံတွေလည်းရှိနေတာ ပါ။ ဩစတြေးလျ၊ ဂျာမနီ၊ မလေးရှား၊ မက္ကဆီကို၊ နော်ဝေ၊ ထိုင်ဝမ်၊ ရုရှား၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဆွစ် ဇာလန်၊ တူရကီ အစရှိတဲ့ နိုင်ငံတွေကတော့ ဥပဒေပြဋ္ဌာန်းပြီး လက်ရှိကျင့်သုံးနေတဲ့နိုင်ငံတွေအဖြစ်ရှိနေပါတယ်။ အဲဒီနိုင်ငံတွေကျင့်သုံးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ပြည်ပရန်ကိုကာကွယ်ဖို့အတွက်ကျင့်သုံးနေတာဖြစ် ပါတယ်။ အခုစစ်ကောင်စီပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေဆိုတာကတော့ စစ်အာဏာတည်မြဲရေးအတွက်ပြည်သူ တွေကိုအသုံးချဖို့ ပြဋ္ဌာန်းလိုက်တာပဲဖြစ်ပါတယ်။ 

ဒီဥပဒေထွက်ပေါ်လာအပြီးမှာပဲ ပြည်သူတွေကြား ကန့်ကွန်မှုတွေအများအပြားထွက်ပေါ်လာသလို ထင်မြင်ယူဆ ချက်တွေနဲ့တိုက်တွန်းချက်တွေလည်း အများအပြားထွက်ပေါ်ခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာ လက်နက်ကိုင်တော်လှန်မှုထဲ အကြောင်းအမျိုးမျိုးနဲ့ မပါဝင်နိုင်ခဲ့သူတွေကြား အတော် လေး ဂယက်ရိုက်သွားခဲ့တာတွေ့ရပါတယ်။ အဓိကအနေနဲ့ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့ပြဒေသ တွေမှာ စိုးရိမ်ပူပန်မှုတွေနဲ့ အခုပဲတော်လှန်ရေးအဖွဲ့တွေဆီ အရောက်သွားရတော့မလို၊ နိုင်ငံရပ်ခြားပဲပြေးရတော့ မလို၊ သာသနာ့ဘောင်ထဲပဲ ဝင်ရတော့မလို၊ အိမ်ထောင်ပဲပြုရတော့မလို အစရှိတဲ့ လွတ်ရာလွတ်ကြောင်းလမ်းတွေ အတွက် စဉ်းစားတွေးခေါ်တိုင်ပင်မှုတွေလုပ်လာကြတာတွေ့ရပါတယ်။ ဒီကြားထဲ ဒီအခွင့်အရေးအပေါ် အမြတ် ထုတ်ချင်တဲ့ တောကြောင်တွေကလည်း ထုနဲ့ဒေး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ပတ်စ်ပို့အမြန်ကြေး ဘယ် လောက်ဆိုတဲ့ ကြော်ငြာတွေလည်း အွန်လိုင်းပေါ် ပလူပျံလာခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူတွေအနေနဲ့ လက်ရှိအခြေအနေအပေါ် သေချာသုံးသပ်ဖို့တော့ လိုအပ်နေပါတယ်။ စစ်ကောင်စီပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်း ဥပဒေရဲ့အကျိုးသက်ရောက်နိုင်မှုအတိုင်းအတာကို စဉ်းစားချင့်ချိန်နိုင်ဖို့လိုပါတယ်။ လက်ရှိ နိုင်ငံ့လူဦးရေးရဲ့သုံးပုံ တစ်ပုံလောက်သာ စစ်ကောင်စီပြောသမျှနာခံပြီး လိုက်နာမယ့် လူတန်းစားတွေရှိနေတာပါ။ ဒီလူတန်းစားတွေက ကလည်း လူ့မလိုင်အသိုင်းအဝိုင်းနဲ့ စစ်ကောင်စီလက်အောက်ခံ လူတန်းစားတွေသာဖြစ်ပါတယ်။ ကျန်တဲ့နှစ်ပုံဟာ စစ်အာဏာရှင်စနစ်ကိုမလိုလားသူတွေ၊ စစ်တပ်ကိုနာကြည်းနေသူတွေသာဖြစ်ပါတယ်။ ဒါကို စစ်ကောင်စီလည်း ကောင်းကောင်းကြီးသိပါတယ်။ ရှိသမျှလူအားလုံးကို မဖြစ်မနေစစ်မှုထမ်းခိုင်းပြီး ကိုယ့်ကြိုးကွင်းကိုယ်ပြန်စွပ်မယ့် အလုပ်မျိုးကို စစ်ကောင်စီလုပ်လာဖို့ မဖြစ်နိုင်ပါဘူး။ 

စစ်ကောင်စီအဓိကလိုချင်တာဟာ ဒီဥပဒေကြောင့်ဖြစ်ပေါ်လာမယ့် ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ကြားက အသံကိုပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြို့ပေါ်လူထုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ဝေဝါး ထွေပြားလာအောင် လှုံ့ဆော်လိုက်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုလို့ ထင်မြင်မိပါတယ်။ အထူးသဖြင့် မြို့ပေါ် လူထုအတွေးထဲမှာ စစ်ပွဲတွေမရှိရင် စစ်ကောင်စီဘက်က ဒီဥပဒေကိုထုတ်ပြန်လာစရာအကြောင်းမရှိဘူးဆိုတဲ့ အမြင်ကို ရချင်လို့ပဲဖြစ်ပါတယ်။ မြို့ပေါ်လူထုဆိုတာကလည်း စစ်ဘေးသင့်ရာအရပ်ဒေသတွေနဲ့ ကင်းကွာရာမှာ ရှိနေတယ်ဆိုပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးကိုခံနေရသူတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတချို့ဟာ စစ်အာဏာရှင်ကို မလိုလားပေမယ့် စစ်ဘေးစစ်ဒဏ်ကြောင့် အကျပ်အတည်းပေါင်းစုံကြုံတွေ့ လာရတဲ့အပေါ် စိတ်တွေ ဝေဝါးထွေပြားနေမှာ အမှန်ပါပဲ။ တချို့လူတွေသွေးအေးလာကြတာ အဲဒီရိုက်ခတ်မှုတွေ အများကြီးပါဝင်နေပါတယ်။ ဒီလိုအချိန်မှာ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ အကြောင်းအမျိုးမျိုးကြောင့် တည်ရှိ နေရသူတွေကို ဖိအားတွေအတင်းတွန်းတင်ပေးလိုက်လို့ မဖြစ်ပါဘူး။ သတိကြီးကြီးထားပြီး လက်တွေ့ကျတဲ့အကြံ ပေးမှုတွေကိုသာ ပြုလုပ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် စစ်ကောင်စီ လိုချင်တဲ့အကွက်ထဲရောက်သွားနိုင်ပါတယ်။ နောက်တစ်ချက်ဖြစ်နိုင်တာကတော့ အဘက်ဘက်ကနေ ရှုံးနိမ့်လာတဲ့ စစ်ကောင်စီဟာ သူ့တို့အတွက်နောက်ဆုံး ခံတပ်တွေဖြစ်လာမယ့် မြို့ပေါ်လုထုကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိမ့်ဝင်နေမှာကို စိုးရိမ်ထိတ်လန့်လာလို့ ဒီဥပဒေနဲ့ ခြောက်လှန့်မှုတွေလုပ်လာတာလည်းဖြစ်နိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မြို့ပေါ်မှာကျန်နေခဲ့ ပြီး တော်လှန်ရေးမှာ တစ်စိတ်တစ်ဒေသကနေ ပါဝင်နေသူတွေကို စစ်ကောင်စီက စစ်ထုတ်ချင်တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ အခုလောက်ဆိုရင် စစ်ကောင်စီအနေနဲ့ မြို့ထွက်ပေါက်တွေမှာ  မြို့ပြင်ကိုထွက်လာမယ့်သူတွေကို ကြိုတင်စောင့်ဆိုင်းပြီး အမိအရဖမ်းဆီးဖို့တောင် ပြင်ဆင်ပြီးနေလောက်ပြီလို့ ထင်ပါတယ်။ 

နောက်တစ်ချက်ဖြစ်နိုင်တာကတော့ စစ်ကောင်စီထိန်းချုပ်မှုအောက်က ကျေးလက်ဒေသတွေမှာ တရားမဝင် မတရားဖိအားပေးပြီး ပြည်သူ့စစ်ဖွဲ့စည်းနေမှုကို ဥပဒေနဲ့ ချည်နှောင်လိုက်တာလည်းဖြစ်နိုင်ပါတယ်။ တစ်နည်း အားဖြင့် ပျူစောထီး အမည်ခံအဖွဲ့တွေကို နိုင်ငံတကာအမြင်မှာ တရားဝင်ပြည်သူ့စစ်အဖွဲ့တွေဖြစ်လာအောင် ပုံမှားရိုက်လိုက်တာပဲဖြစ်ပါတယ်။ ဒါကြောင့် စစ်မှုထမ်းဥပဒေအပေါ် အလွန်အကျွံအတွေးလွန်ပြီး မလုပ်သင့်တာ တွေ ကြိုတင်မလုပ်မိဖို့လိုသလို ကိုယ့်အတွက်အားဖြစ်မယ့် ပြည်သူတွေကို ဖိအားတွေအလွန်အမင်း မပေးမိဖို့ လည်းလိုပါလိမ့်မယ်။ အချိန်တန်လို့ နောက်ဆုံးအခြေအနေရောက်လာရင် ပြည်သူတွေအနေနဲ့ ဘာလုပ်ရမယ် ဆိုတာကို အားလုံးသိထားပြီးသားဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မထူးဇာတ်ခင်းပြီး စစ်မှုထမ်းဖို့ အတင်းအကြပ် အခေါ်ခံရမယ်ဆိုရင်တောင် တစ်ဦးတစ်ယောက်တည်း ကွက်ပြီးပါသွားမှာမဟုတ်ပါဘူး။ အချိန်တန်ရင် ရန်သူ့ လက်နက် ကိုယ့်လက်နက်ဖြစ်ဖို့သာလိုပြီး သေနတ်ပြောင်းဝ ဘယ်သူ့ဘက်လှည့်ရမယ်ဆိုတာကို မယိုင်လဲတဲ့ စိတ်နဲ့ နှလုံးသွင်းထားမယ်ဆိုရင် စစ်ကောင်စီရဲ့ ဘယ်နည်းလမ်းကိုမဆို စိုးရိမ်သောက များနေစရာမလိုဘူးလို့ ထင်မြင်ယူဆမိပါတယ်။