ချင်းပြည်၊ ချင်းအမျိုးသားတည်ဆောက်ရေး လုပ်ဆောင်သွားမည်ဟု CNF ထုတ်ပြန်

ပုံအညွှန်း – အဌမအကြိမ်မြောက် CNF ညီလာခံကျင်းပနေစဥ်။ ဓါတ်ပုံ – Chin Information Center

ပါခွီး

(မဇ္စျိမ) ။ ။ “ချင်း” ဟူသည့် အမျိုးသားစုစည်းမှုဖြင့် ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းအမျိုးသားတည်ဆောက်ရေးကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

Victoria Base ချင်းလုံမြို့တွင် ဖေဖော်ဝါရီလ ၁၂ရက်မှ ၁၆ရက်အထိ ကျင်းပခဲ့သော အဌမအကြိမ်မြောက် ပါတီညီလာခံတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ချင်းအမျိုးသားရေးရာကို ကိုယ်တိုင်စီမံ အုပ်ချုပ်ရေးပါပဲ ၊ ဒါကို တော်လှန်ရေးကာလမှာ ချင်းအမျိုးသားများ ကိုယ်တိုင်က ရေးဆွဲတဲ့ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၃) နဲ့ ချင်းလူမျိုးတွေက စီမံအုပ်ချုပ်သွားရေးပေါ့” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

ချင်းအမျိုးသား စုစည်းမှုဖြင့် ချင်းလဲန်းတည်ဆောက်နိုင်ရန် ချင်းအစိုးရ အားကောင်းရေးနှင့် စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရေးအတွက် တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဆိုသည်။

ကျင်းပခဲ့သော ညီလာခံအတွင်း CNF၏ Policy Making Body ဖြစ်သော ဗဟိုကော်မတီတွင် ချင်းပြည်ဒေသစုံက နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သော လူငယ်လူရွယ်များ ၊ CDMer များထဲမှ တတ်သိ ၊ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ခဲ့ကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။

ညီလာခံတွင် ချင်းအမျိုးသားတပ်ဦး၏ ရည်မှန်းချက်ပန်းတိုင် ၊ မဟာဗျူဟာ၊ နည်းဗျူဟာ ၊ ချင်းအမျိုးသား တည်ဆောက်ရေးဆိုင်ရာ မူဝါဒ ၊ ချင်းအမျိုးသားတပ်ဦး တည်ဆောက်ရေး စီမံကိန်း အပါအဝင် မူဝါဒနှင့် လုပ်ငန်းစီမံကိန်းများကို ဆွေးနွေး အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အဌမအကြိမ်မြောက် ပါတီညီလာခံသက်တမ်းအတွက် ဗဟိုကော်မတီဝင်များ ၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များ ၊ ဗဟိုတရားသူကြီး အဖွဲ့ဝင်များ ရွေးကောက်တင်မြှောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီ ကျင့်စဥ်နှင့်အညီ ညီလာခံကိုယ်စားလှယ်များမှ ရွေးကောက်တင်မြှောက်ရာတွင် ယခင်က တာဝန်ယူခဲ့သူများဖြစ်သော ဥက္ကဌအဖြစ် ပူးဇင်ကျုံးနှင့် အတွင်းရေးမှူးအဖြစ် ဆလိုင်းတလာဟဲ( Thla Hei) တို့ကို ဆက်လက်ရွေးချယ်ပြီး ထိပ်ပိုင်းတာဝန်များတွင် ကြီးမားသောပြောင်းလဲမှု မရှိကြောင်း သိရသည်။

ညီလာခံကို ပြည်တွင်းပြည်ပ ညီလာခံကိုယ်စားလှယ်များ ၊ အထူးဧည့်သည်တော်များနှင့် လေ့လာသူများ စုစုပေါင်း ၂၅၀ဦး တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်မှန်သမျှ အပြီးသတ် တိုက်ဖျက်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်အစိတ်အပိုင်း (၁) နှင့်အညီ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ ၊ နွေဦး တော်လှန်ရေး အင်အားစုများ နှင့်အတူ လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ