အသတ်ခံရသူ ကလေးငယ်များ မရှိတော့စေရန် တော်လှန်ရေးတွင် ပါဝင်သင့်ကြောင်း FFD တိုက်တွန်း

ဓါတ်ပုံ-FFD

မဇ္ဈိမ။ ။ ကလေးငယ်များ အသတ်ခံရမှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ထပ်မရှိတော့စေရန် တော်လှန်ရေးတွင်ပါဝင်သင့်ကြောင်း Force For Federal Democracy-FFD က တိုက်တွန်းထားသည်။

“စာသင်နေတုန်း လေယာဥ်ဗုံးကြောင့် ကြွေလွင့်သွားရတဲ့ ကလေးတွေ နောက်ထပ်ရှိမလာစေဖို့ ရက်ရက်စက်စက်မီးရှို့ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေ ရဲဘော်တွေ နောက်ထပ်ရှိမလာစေဖို့ မုဒိန်းကျင့် အသတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေ နောက်ထပ်ရှိမလာစေဖို့ စစ်အာဏာရှင်စနစ်ကျဆုံးဖို့၊ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့ ပြည်သူတွေအားလုံး တော်လှန်ရေးမှာ ပါဝင်ဖို့ အချိန်ရောက်ပြီ” ဟု FFD မှ တာဝန်ရှိသူတဦးက ပြောသည်။

ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် FFDအဖွဲ့က တပ်သားသစ်များကိုလည်း ဖိတ်ခေါ်ထားသည်။

“၂၀၂၄ ခုနှစ် စစ်ဆင်ရေးတွေမှာ ထူးခြားချက်အနေနဲ့ အမျိုးသမီး Drone တိုက်ခိုက်ရေးသမားတွေ အများကြီး စပြီး ပါ၀င်လာခဲ့ပါတယ်။ FFD တပ်ဖွဲ့က ထုတ်လုပ်လိုက်တဲ့ စစ်လက်နက် ပစ္စည်းတွေကိုလည်း တောင်ပိုင်းတိုင်းနေရာဒေသ တော်တော်များများကို လတိုင်း ထုတ်လုပ်ပေးပို့ နေပါတယ်။ ဒါကြောင့် ရဲဘော်သစ်တွေလည်း လိုအပ်နေပါတယ်။ အခု ပြည်သူတွေကလည်း အကြမ်းဖက် စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမယ့် အစီအစဥ်တွေကြောင့် အခက်အခဲဖြစ်နေချိန်မှာ ဒီလိုအပ်နေတဲ့ ရဲဘော်အင်အားအသစ်တွေ အတွက် ဖြည့်တင်းဖို့ အခွင့်အခါကောင်းလို့ ယူဆပါတယ်” ဟု FFD မှ တာဝန်ရှိသူက ပြောသည်။

FFD တပ်ဖွဲ့တွင် အမျိုးသမီး ဒရုန်းတိုက်ခိုက်ရေးသမားများသည်လည်း စစ်ဆင်ရေးတွင် ပါဝင်လျက်ရှိကြောင်း သိရသည်။ စစ်ကောင်စီမှ အတည်ပြုလိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အခက်တွေ့နေသည့် ပြည်သူများအနေဖြင့် ယင်းကို အခွင့်အလမ်းအဖြစ် အသုံးချကာ တော်လှန်ရေးတွင် ပူးပေါင်းရန် FFD မှ တိုက်တွန်းထားသည်။

FFD အဖွဲ့သည့် ၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး( KNU ) တပ်မဟာ(၅) ရှိ ဖဲထာ စခန်းသိမ်းတိုက်ပွဲနှင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီ၏ (၁၂) မိုင်စခန်းကုန်း တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ လက်ရှိတွင် ဆီဆိုင်မြို့၌ မဟာမိတ်တော်လှန်ရေးတပ်များနှင့်အတူ တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ရန်ကုန်တိုင်းစစ်ဌာနမှ တပ်သားသစ်ခေါ်ယူရာတွင် နှစ်ရက်အတွင်း သတ်မှတ်လူဦးရေပြည့်မီသဖြင့် တပ်သားသစ်ခေါ်ယူမှုကို ယာယီရပ်ဆိုင်းထားရသည်။ ထို့အတူ စစ်ကောင်စီကို တော်လှန်နေကြသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်​ (KNDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ NUG လက်အောက်ခံ တပ်ဖွဲ့များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး MDY PDF၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ ကလေးခရိုင် အမှတ်(၄) တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ်(၁၄) တပ်ရင်း ရေဦး PDF၊ မြိတ်ခရိုင် တပ်ရင်း(၂) စသည့်တော်လှန်ရေးတပ်များတွင်လည်း တပ်သားသစ်များ ခေါ်ယူထားကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး