၀မ်းတွင်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်ကို WTRF ပစ်သတ်

Photo & Video WTRF

007

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် ပျူစောထီး နန္ဒကျော်ကို ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း Wundwin Township Revolution Force-WTRF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဒေသအတွင်းမှလူငယ်များအား စစ်ကောင်စီတပ်အတွင်း အတင်းအဓမ္မဆွဲသွင်းနေကြောင်း တိုင်ကြား ချက်အရ အရေးယူခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

“မနေ့(ဖေဖော်ဝါရီ ၁၇ ရက်)က မနက် ၈ နာရီခွဲလောက်မှာ သဲတောက တော်ဝင်လက်ဖက်ရည်ဆိုင်မှာ ဝင်ရှင်းလိုက်တာပါ။ အခု ပြည်သူတွေက ကျွန်တော်တို့ကို ကျေးဇူးတင်ကြောင်းစာတွေ အဆက်မပြတ် ပို့နေကြတယ်” ဟု WTRF အဖွဲ့မှတာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် နန္ဒကျော်အားသေနတ်ဖြင့် ဦးခေါင်းကိုငါးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရမှု ကြောင့်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ၎င်းသည် ကြံ့ဖွံ့ပါတီဝင်တဦးလည်းဖြစ်ကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြချက်အရ သိရသည်။

နန္ဒကျော်သည် ယခုရက်ပိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသုံးချပြီး လူငယ်များအား စစ်ကောင်စီ တပ်အတွင်းသို့ အတင်းအဓမ္မဆွဲသွင်းနေကာ မူးယစ်ဆေးဝါးရောင်းဝယ်ပြီး စစ်ကောင်စီတပ်ဖွဲ့အတွက် ငွေရှာပေးနေသူဖြစ်ကြောင်း ဒေသတွင်းသတင်းများကလည်း ဆိုသည်။

“ဒီကောင်က သဲတောဝမ်းတွင်းမှာ ဘယ်သူ့ကိုဖမ်းချင်ချင် ရှေ့ဆုံးက ဦးဆောင်တယ်။ မူးယစ်ဆေးဝါး လည်း သူကဦးဆောင်တာဝန်ယူပြီး စခ၊ ရခတွေကို ရှာပေးရတာ။ သေနတ်တလက်ရတယ်၊ အစစ်တော့ မဟုတ်ဘူး အတုပါ။ မနေ့ညနေပိုင်းက အမိန့်ပြန်ပြီး သဂြိုဟ်လိုက်တယ်လို့ကြားတယ်။ အခု မြို့ပေါ်မှာ အစစ်အဆေး တအားကြမ်းနေတယ်” ဟု WTRF အဖွဲ့တာဝန်ရှိသူက ပြောသည်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း နဘဲကန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ရှိန်ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

၎င်းပစ်ခတ်မှုကိုလည်း WTRF အဖွဲ့ကပင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ်သင်တန်းအတင်း အဓမ္မ တက်ရောက်စေခိုင်းခြင်းကြောင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု WTRF အဖွဲ့က သတင်းထုတ်ပြန် ထားသည်။

မည်သူမဆို စစ်ကောင်စီ၏ မတရားသောထုတ်ပြန်ချက်များအား လိုက်ပါဆောင်ရွက်လျှင် ပြည်သူ့ဆန္ဒ အတိုင်း အပြစ်ပေးအရေးယူသွားမည်ဟုလည်း WTRF အဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ