ဝီဂါ မူဝါဒအက်ဥပဒေ ၂၀၂၃ ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြု

The Times of India

အမေရိကန်အောက်လွှတ်တော်သည် ဝီဂါ မူဝါဒ အက်ဥပဒေ ၂၀၂၃ ကို အငြင်းပွားမှုမရှိဘဲ အတည်ပြုလိုက်ကြောင်း လူသိများသည့် အမေရိကန်လွှတ်တော်အမတ်တဦးဖြစ်သော ကယ်လီဖိုးနီးယားပြည်နယ် အမှတ် (၄၀) လွှတ်တော်ခရိုင် ကိုယ်စားလှယ် ယန်းကင်မ်က ထုတ်ဖော်ကြေညာသည်။

“ဝီဂါ လူမျိုးတုန်းသတ်ဖြတ်မှုအပြင် တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ ထပ်တလဲလဲ လုပ်ဆောင်တဲ့ လုပ်ကြံသတင်းဖန်တီးမှု၊ အကျပ်ကိုင်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတို့ကို ဆန့်ကျင်တယ် ဆိုတာကို မိမိတို့ရဲ့ ပြောစကားတွေ၊ လုပ်ဆောင်ချက်တွေကနေတဆင့် မိမိတို့ ပြသရပါလိမ့်မယ်” ဟု အမေရိကန်လွှတ်တော်အမတ် ယန်းကင်မ်က ဆိုရှယ်မီဒီယာ ပလက်ဖောင်း ‘X’ တွင် တင်သည့် ပို့စ်တခုတွင် ပြောဆိုသည်။

“အဲဒီအတိုင်း အတိအကျလုပ်ဆောင်ဖို့ ကျွန်မရဲ့ ဝီဂါ မူဝါဒ အက်ဥပဒေကို လွှတ်တော်မှာ အတည်ပြုလိုက်တဲ့အတွက် အင်မတန် ဝမ်းမြောက်မိတယ်။ ဒါကို ပြီးစီးအောင်လုပ်ကြစို့” ဟု ယန်းကင်မ်က ရေးသားသည်။

ထို့ပြင် “တရုတ်ကွန်မြူနစ်ပါတီ၏ ရက်စက်ယုတ်မာမှုတို့ကို ခံရသည့် ဝီဂါများနှင့် အခြားသော လူနည်းစုတို့ကို ထောက်ခံပံ့ပိုးရေးအလို့ငှာ အမေရိကန်ပြည်ထောင်စုဘက်က ခိုင်မာသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်စေရေး ထောက်ကူရန်အတွက် လွှတ်တော်အမတ် ယန်းကင်မ် ဦးဆောင်သည့် အမေရိကန်အောက်လွှတ်တော်အမတ်များက ဝီဂါ မူဝါဒ အက်ဥပဒေ ၂၀၂၃ ကို တခဲနက် အတည်ပြုလိုက်သည်” ဟု သတင်းထုတ်ပြန်ချက်တခုတွင် အမေရိကန်လွှတ်တော်အမတ်က ပြောသည်။

ပါတီနှစ်ခုစလုံး ပါဝင်သလို လွှတ်တော်နှစ်ရပ်နှင့် သက်ဆိုင်သည့် ယခု ဥပဒေမူကြမ်းက ဝီဂါတို့ ဖိစီးနှိပ်စက်ခံရမှုနှင့်ပတ်သက်ပြီး အသိပညာပေးပြီး၊ ရှင်ကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများအပေါ် ထိထိရောက်ရောက် တုံ့ပြန်ရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားမည့် မဟာဗျူဟာတရပ်ကို ဖြစ်ပေါ်စေမည် ဖြစ်သည်။

“ဒီ ပါတီနှစ်ခုစလုံးပါဝင်ပြီး လွှတ်တော်နှစ်ရပ် ဥပဒေကတော့ ဝီဂါတွေ ဖိစီးနှိပ်ကွပ်ခံရမှုနဲ့ပတ်သက်လို့ နိုင်ငံတကာမှာ ပိုမိုသိရှိစေဖို့၊ ရှင်ကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လူ့အခွင့်အရေး စိန်ခေါ်မှုတွေအပေါ် ထိထိရောက်ရောက် တုံ့ပြန်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကို လမ်းညွှန်ဖို့နဲ့ ဝီဂါတို့ကို အသံတိတ်စေမယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ ကြိုးပမ်းမှုတွေကို တွန်းလှန်ဖို့ ပြည့်စုံကျယ်ပြန့်တဲ့ ဘက်ပေါင်းစုံပါ မဟာဗျူဟာတရပ်ကို ဖန်တီးဖြစ်ပေါ်စေမှာဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထူးသဖြင့် ဝီဂါများနှင့် အခြား လူနည်းစုများသည် တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သော ထိန်းသိမ်းရေးစခန်းများ၌ ထပ်တလဲလဲဆိုသလို အသံတိတ်စေခြင်း၊ ထိန်းသိမ်းခံရခြင်း၊ အကျဉ်းချခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် ဦးနှောက်ကျင်းခံရခြင်းတို့ကို ကြုံတွေ့ခံစားထားခဲ့ရသည်။

“ဝီဂါ လူမျိုးတုန်းသတ်ဖြတ်မှုအပြင် တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ ထပ်တလဲလဲ လုပ်ဆောင်တဲ့ လုပ်ကြံသတင်းဖန်တီးမှု၊ အကျပ်ကိုင်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတို့ကို ဆန့်ကျင်တယ် ဆိုတာကို မိမိတို့ရဲ့ ပြောစကားတွေ၊ လုပ်ဆောင်ချက်တွေကနေတဆင့် မိမိတို့ ပြသရပါလိမ့်မယ်” ဟု အင်ဒို-ပစိဖိတ်ဆိုင်ရာ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီခွဲ၏ ဥက္ကဋ္ဌ လွှတ်တော်အမတ် ယန်းကင်မ်က ပြောသည်။

ထို့ပြင် ဝီဂါ မူဝါဒ အက်ဥပဒေသည် ရှင်ကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ တရုတ်ကွန်မြူနစ်ပါတီ၏ လူမဆန်သော ဆက်ဆံမှုကို ခံရလေ့ ရှိသည့် ဝီဂါများနှင့် အခြားလူနည်းစုများ၏ ကွဲပြားသော ကိုယ်ပိုင်လက္ခဏာများနှင့် အခြေခံ လူ့အခွင့်အရေးတို့ကို ထောက်ခံပံ့ပိုးမည့် နည်းလမ်းများဖြင့် အမေရိကန်ကို ပြည့်စုံအသင့်ဖြစ်စေမည် ဖြစ်သည်။

“ဒီ ဥပဒေမူကြမ်းကို ကျွန်မနဲ့အတူ ပူးတွဲဦးဆောင်ပေးတဲ့အတွက် လွှတ်တော်အမတ် ဘီရာကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဝိုင်းဝန်းပံ့ပိုးပေးတဲ့ ပူးတွဲပံ့ပိုးသူ ၁၀၆ ဦးကိုလည်း ကျေးဇူးတင်ပါတယ်။ ဝီဂါလူမျိုးတုန်းသတ်မှုကို တားဆီးမယ့် ဒီအားထုတ်မှုမှာ ပူးပေါင်းပါဝင်သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကမ္ဘာတဝန်းမှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ထောက်ခံအားပေးပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို အခိုင်အမာ တွန်းလှန်ရင်းနဲ့ ဒီကြိုးပမ်းမှုကို ပြီးမြောက်အောင် ကျွန်မ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်” ဟု လွှတ်တော်အမတ် ယန်းကင်မ်က ပြောသည်။