ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်အတွက် ရွာ ၄ရွာမှဒေသခံများ တိမ်းရှောင်နေရ

ပုံအညွှန်း-လက်ရှိတိမ်းရှောင်နေကြသည့်ဒေသခံများ။

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းသို့ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာလေးရွာမှ ဒေသခံများ အရေးပေါ် တိမ်းရှောင်နေရသည်ဟု သိရသည်။

“စစ်သားတွေက ဒီမနက်ခင်းမှာ လက်နက်ငယ်တွေ ဆက်တိုက်ပစ်ခတ်ပြီး ရွာထဲကို ဝင်လာကြတယ်။ သေနတ်သံကြားတော့ ဒူးတွေတုန် ဘာပစ္စည်းမှလည်း ယူဖို့ မစဉ်းစားမိဘူး ၊ ကလေးတွေ ခေါ်ပြီးထွက်ပြေးခဲ့ရတာ” ဟု နဘူးတောရွာမှ ဒေသခံအမျိုးသမီးတဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် ပျူစောထီးဆိုသူများ အများစုနေထိုင်သည့် ဘန့်ဘွေးကျေးရွာအရှေ့မြောက် သုံးမိုင်ခန့်အကွာရှိ နဘူးတော ၊ ပန်းတိမ်ပြင်၊ ကျောက်မှော်၊ ကွေ့ချောင်း စသည့်ကျေးရွာလေးရွာမှ ဒေသခံ ၃၀၀၀ ခန့် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် လက်ရှိအချိန်တွင် နဘူးတောကျေးရွာသို့ ရောက်ရှိနေပြီး အနီးအနားရှိ ကျေးရွာများဘက်သို့ ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် ဒေသခံအမျိုးသားတဦး လက်မောင်းတွင် ကျည်ထိမှန်ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံကပြောသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် နဘူးတောကျေးရွာရှိ နေအိမ် ၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ ဒေသခံတဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့ပြီး အဆိုပါ နဘူးတောကျေးရွာ မီးရှို့ခံရမှုမှာ လေးကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရသည်။

စာတည်း ။ ။ဖူးသိမ်ကျ