မန္တလေးတွင် ပတ်စ်ပို့ရုံးရှေ့တန်းစီနေသော လူအုပ်လဲပြိုကျရာမှ အမျိုးသမီး ၂ ဦး သေဆုံး

နန်းတော်ရှေ့လူမှုကူညီကယ်ဆယ်ရေး

007

(မဇ္စျိမ)။ ။မန္တလေးမြို့ ပတ်စ်ပို့ရုံးရှေ့တွင် ယနေ့နံနက်အစောပိုင်းက တန်းစီနေသည့်လူအုပ် ရုတ်တရက် လဲပြိုကျရာမှ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“၁၂ လမ်းပေါ်မှာ ဖြစ်တာပါ၊ တန်းစီတိုးဝှေ့ကြရင်း ရုတ်တရတ် လူအုပ်ကြီးက လဲကျသွားတယ်။ အဲဒီမှာ အမျိုးသမီးသုံးယောက် ဒဏ်ရာရတယ်လို့သတင်းရတဲ့အတွက် ကျွန်တော်တို့ညီနောင်အသင်းတခုက ကယ်ဆယ်ရေးသွားလုပ်တယ်။ သုံးယောက်လုံးဆေးရုံပို့ခဲ့ပြီး နှစ်ယောက်ကဆေးရုံမှာသေတာ၊ အသက်ရှု ကြပ်ပြီးသေတာလို့ ကနဦးဆေးစစ်ချက်အရ သိရတယ်” ဟု လူမှုကယ်ဆယ်ရေးအသင်းတခုမှ တာဝန်ရှိ သူကပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက် ယနေ့ နံနက် ၂ နာရီ ၃၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးသွား ရောက်ဆောင်ရွက်ပေးခဲ့သည့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လူအုပ်ပိ၍ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်မှ အမျိုးသမီးသုံးဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို မန္တလေးဆေးရုံကြီး အရေးပေါ်ဆောင်သို့ အချိန်မီပို့ဆောင်ပေးခဲ့သော်လည်း ဒေါ်ခင်မျိုးအေး(အသက် ၅၂) နှစ်နှင့် ဒေါ်ခိုင်ဝေ(အသက် ၃၉)နှစ်တို့နှစ်ဦးမှာ ဆေးရုံတွင်သေဆုံးခဲ့ကာ ဒေါ်ဌေးဌေးဝင်း(အသက် ၅၃) နှစ်မှာ ခြေထောက်ကျိုးခဲ့ကြောင်း သိရသည်။

မန္တလေး အောင်မြေသာစံမြို့နယ် ကုသိုလ်တော်ဘုရားအနီး ၁၂ လမ်းပေါ်တွင်ဖွင့်လှစ်ထားသည့် နိုင်ငံကူး လက်မှတ်(ပတ်စ်ပို့)ထုတ်ပေးရေးရုံးတွင် ယခင် အရပ်သားအစိုးရလက်ထက်က လျှောက်ထားသူနည်းပါး ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှောက်ထားသူများပြားလာပြီး အကန့်အသတ်ဖြင့်ထုတ် ပေးမှုကြောင့် ညဥ့်နက်သန်းခေါင်အချိန်များတွင်ပါ တန်းစီရသည့်အခြေအနေဖြစ်ခဲ့သည်။

“အညာသူအညာသားက နိုင်ငံခြားအလုပ်ထွက်လုပ်တာ သိပ်စိတ်မဝင်စားကြဘူး။ မန္တလေးပတ်စ်ပို့ရုံးဆို တာ ဟိုတုန်းက ကျန်းမာရေး၊ ပညာရေးကြောင့် ပြည်ပထွက်မယ့်သူလောက်သာ ပတ်စ်ပို့လုပ်ကြတာ။ အာဏာသိမ်းပြီးနောက်ပိုင်းတော့ မြင်လို့မကောင်းလောက်အောင်ကို လျှောက်သူများလာတယ်၊ ပွဲစား တွေခြေရှုပ်လာတယ်” ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့နောက် ပိုင်းတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ ပုံမှန်ထက်ပိုမိုများပြားလာကာ တရက်လျှင် လျှောက်လွှာ ၂၀၀ သာလက်ခံသော်လည်း တန်းစီလူဦးရေ ၁၀,၀၀၀ ခန့်ရှိပြီး ထိုအထဲတွင် နေရာဦးပြီး ပြန်လည်ရောင်း ချသူများနှင့် ပွဲစားများလည်းပါဝင်ကြောင်းသိရသည်။

စာတည်း။ ။စောဖေ