မြို့တော်စစ်တွေနှင့် နီးကပ်လာသော AA ထိုးစစ်

ဓာတုရေးသားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အဓိက ရေးပါသည့် မြို့ငါးမြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် AA ၏ ထိုးစစ်များသည် စစ်တွေမြို့ဆီ တဖြည်းဖြည်း နီးကပ်လာနေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံရှိ လူဦးရေအများဆုံး မြို့အဆင့် (၁၀) တွင် ရှိနေသည့် စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး လက်ရှိမှာ ပြည်နယ်အဆင့် စစ်ကောင်စီ ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့က တကျော့ပြန် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး သုံးလတာ ကာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ကူများကြားမှ ရက္ခိုင့်တပ်တော် (AA)သည် ရခိုင်ပြည်နယ်မြောက်ပိုင်း တကြောရှိ အမြောက်တပ်များ၊ ဗျူဟာကုန်းများ အပါအဝင် ရာနှင့်ချီသော တပ်စခန်းပေါင်းများစွာကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထိုသို့တပ်စခန်းများအားလုံးကို တိုက်ခိုက်နိုင်ပြီးနောက် AA က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောစသည့် မြို့ငါးမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့ကို ထိန်းချုပ်ထားသည်။

ရန်ကုန်- စစ်တွေ အဝေးပြေး ကားလမ်းမကြီးပေါ် တည်ရှိသည့် ထိုမြို့များကို AA သိမ်းပိုက်လိုက်ပြီးနောက် မြို့တော် စစ်တွေကို ဦးတည်ရန် ပုဏ္ဏားကျွန်းမြို့တခုသာ ကြားခံအဖြစ် ရှိနေတော့သည်။

“ရက္ခိုင့်တပ်တော် AA က သုံးလအတွင်းရလဒ် တော်တော်ကောင်းနေပြီ။ အခိုင်အမာတပ်စခန်းတွေကိုလည်း ရထားပြီဆိုတော့ ပုဏ္ဏားကျွန်းပဲ ကျန်တယ်” ဟု ရခိုင်ဒေသခံတဦးက ပြောသည်။

AA ၏ ထိုးစစ်များသည် မြို့တော် စစ်တွေနှင့် နီးကပ်လာသည့် တပြိုင်နက် စစ်ကောင်စီတပ်အသိုင်းအဝိုင်းများမှာ လေယာဥ်စင်းလုံးငှားပြီး တိမ်းရှောင်မှုများ ရှိလာသည်ဟု စစ်တွေမြို့ခံများက ပြောသည်။

ထိုပြင့် ငွေကြေးတတ်နိုင်သည့် မြို့ခံအချိုလည်း ပြည်မဟုခေါ်သည့် ရန်ကုန်မြို့သို့ အလျင်အမြန် ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။

ငွေကြေးခက်ခဲနေသည့် အခြေခံလူတန်းစားများမှာမူ စစ်တွေမြို့အတွင်း ပိတ်မိနေဆဲအခြေအနေ ဖြစ်သည်။

“အခုဆိုတိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေက စစ်တွေနဲ့နီးကပ်လာပြီဆိုတော့ AA ဘက်က တိုက်ပွဲအချိန်မရွေးဖော်ဆောင်နိုင်တယ်။ ဒါပေမယ့်လည်း တကယ်တန်းကျရင် တဖက်မှာ တိုက်ဖို့စောနေဦးမလားပေါ့။ အခုက ရမ်းဗြဲအင်အားလည်း အပိုင်သိမ်းမရသေးတာရယ်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်းတို့လည်း AA က အပြတ်သိမ်းမရသေးတော့ စစ်တွေမြို့ကိုသိမ်းခြင်း၊ မသိမ်းခြင်းက အဲ့ဒီမြို့တွေကို စစ်ကောင်စီတပ် လုံးဝကင်းစင်တဲ့အထိ ထိန်းချုပ်နိုင်ရင် စစ်တွေကို စစ်ရေးဖော်ဆောင်ဖို့ ဖြစ်နိုင်ချေများတယ်”ဟု အမည်မဖော်လိုသော စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ရခိုင်ဒေသခံတဦးက ပြောသည်။

စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ ကွပ်ကဲမှုဖြင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) အခြေစိုက်သည်။ ယင်းနပခ လက်အောက်တွင် ခြေလျင်တပ်ရင်း ခြောက်ခုရှိပြီး အမှတ် (၁၂) ရဲတပ်ရင်းနှင့် အခြားရဲတပ်ရင်းအချို့လည်း ရှိနေသည်။

စစ်တွေမြို့နှင့် မိုင် ၂၀ အကွာအဝေးတွင် တည်ရှိသော ပုဏ္ဏားကျွန်းမြို့၌ ခမရ (၅၅၀) တပ်ရင်း၊ တပ်မ (၂၂) လက်အောက်ခံ တပ်ရင်းများ အခြေစိုက်သည်။

လက်ရှိမှာ အဆိုပါ ပုဏ္ဏားကျွန်းမြို့တွင်လည်း ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်တချို့ကို တွေ့လာရသည်ဟု မြို့ခံများက ပြောသည်။

စစ်တွေမြို့ခံတဦးက “လက်ရှိစစ်ကောင်စီကတော့ စစ်တွေမှာပဲ ခုခံစစ်အဖြစ်နဲ့ပဲ လုပ်သွားမယ့် ပုံစံရှိတယ်၊ တပ်အင်အား၊ စစ်အင်အားတွေ အကုန်လုံးကို စစ်တွေမှာပဲ အင်အားစုထားတယ်”ဟု မဇ္ဈိမကို ပြောသည်။

စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တခုလုံး လက်နက်ချ အညံ့ခံရန် ရက္ခိုင့်တပ်တော် (AA) က သတိပေးခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းနောက် ခုခံစစ်ကို တဆင့်ချင်း ပြင်ဆင်နေသော စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်အနီး အမြင့်ကျွန်းကျေးရွာနားရှိ စစ်တွေမြို့အဝင် မင်းချောင်း (ခ) အမြင့်ကျွန်းတံတားကို မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း AA က ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

“တောင့်ခံထားနိုင်တဲ့တပ်ရင်းရယ်လို့ သိပ်မရှိတော့ဘူး။ တပ်မအားလုံးကတပ်တွေ ပြိုကွဲပြီးတော့ ခွဲဝေဖို့ထားရတဲ့အတွက် တပ်မအလိုက် လှုပ်ရှားမှုဆိုတာ မရှိသလောက်ပါဘဲ” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“နည်းနည်းတိုက်ပွဲဖြစ်လိုက်တာနဲ့ လက်နက်ချတာ၊ ထွက်ပြေးတာစတဲ့ စစ်ကောင်စီတပ်က စိတ်ဓါတ်ရေးရာပြိုကွဲနေတဲ့အကြောင်းကို ရခိုင်စစ်မျက်နှာပြင်မှာ တွေ့နေရတယ်”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိမှာ ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသော မြို့ခြောက်မြို့အနက် မြို့အချို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။

ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်နေသော ရခိုင်တောင်ပိုင်းက ရမ်းဗြဲဲမြို့တွင်လည်း တိုက်ပွဲများ ဆက်ရှိနေပြီး ရမ်းဗြဲမြို့သည် အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအောက်တွင် လူးလိမ့်ခံနေရသည်။

ထို့ပြင် မသိမ်းပိုက်ရသေးသော ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့တို့တွင်လည်း AA က ထိုးစစ်ဆင်မှုများ ဆက်လုပ်နေပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

ရက္ခိုင့်တပ်တော် (AA) ၏ ဟန်ချက်ညီသော ဗျူဟာမြောက် ထိုးစစ်များသည် မြို့တော်စစ်တွေတွင် ခြေကုပ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို များစွာခြိမ်းခြောက်နေပြီး ယင်းသည် စိတ်ဝင်စားစရာ ကောင်းသောအခြေအနေဖြစ်ကြောင်း စစ်ရေးအကဲခတ်များကြား ပြောဆိုနေကြသည်။

စာတည်း။ ။ နောင်နောင်