အမေရိကန်ကို ဆုတ်ယုတ်စေမည့် တရုတ်၏ လျှို့ဝှက်သော ပြိုကွဲမှုစစ်ဆင်ရေး

Breitbart

တရုတ်အစိုးရသည် လူသိမခံသည့် မူဝါဒတွင် ပါရှိသော “အစိတ်စိတ်အမွှာမွှာပြိုကွဲစေမှု စစ်ဆင်ရေး” တစိတ်တပိုင်းအဖြစ် အမေရိကန်လူ့အဖွဲ့အစည်းကို ဖြိုခွဲရန်နှင့် သေနတ်တချက်မပစ်ဖောက်ဘဲ အမေရိကန်ကို စစ်ဆင်နွှဲရန် မူးယစ်ဆေးဝါး၊ လူထုမငြိမ်သက်မှုများနှင့် တခြားနည်းလမ်းများအား မည်သို့မည်ပုံအသုံးပြုနေကြောင်းကို Breitbart News သတင်းဌာနမှ ဆောင်းပါးရှင် ပီတာရွှိုက်ဇာက ၎င်းထုတ်ဝေသည့် ‘သွေးစွန်းငွေ – အမေရိကန်နိုင်ငံသားများကို သတ်နေသည့် တရုတ်ကို ခေါင်းဆောင်တွေက ဘာကြောင့် မသိကျိုးကျွန်ပြုနေတာလဲ’ ဟူသော စာအုပ်သစ်တွင် ရေးသားထားသည်။

၂၀၁၀ ခုနှစ်တွင် တရုတ်စစ်တပ်က ထုတ်သည့် “ပြိုကွဲမှုစစ်ဆင်ရေး” ဟူသော စာအုပ်တွင် ထိုဗျူဟာပါဝင်ကြောင်းနှင့် အဆိုပါဗျူဟာသည် ရန်သူကို တိုက်ခိုက်ခြင်းမပြုဘဲ အနိုင်ယူနည်း လမ်းညွှန်ချက်ဖြစ်သော ရှေးခေတ် တရုတ်ဗျူဟာမှူး စစ်သူကြီး ဆွန်ဇု၏ စစ်သေနင်္ဂဗျူဟာကျမ်းကို အခြေခံထားခြင်းဖြစ်ကြောင်း ပီတာရွှိုက်ဇာက ၎င်း၏စာအုပ်တွင် ရေးသားထားသည်။

ထိုဗျူဟာနှင့်အညီ တရုတ်၏ တရားဝင်စစ်ရေးဗျူဟာသည် အမေရိကန်၏ အားနည်းချက် ပျော့ကွက်များ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် ပြည်သူများ၏ စိတ်ဓာတ်ရေးရာနှင့် စိတ်ပညာစသည့် နယ်ပယ်များကို ထိုးနှက်ရန် အလေးထားသည်။ တရုတ်ခေါင်းဆောင်များသည် တိုက်ခိုက်ခြင်းမပြုဘဲ အနိုင်ယူသည့် ဆွန်ဇု၏ ဗျူဟာဟောင်းကို ပုံဖော်ရန် “အကန့်အသတ်မဲ့စစ်ဆင်ရေး” နှင့် “ပြိုကွဲမှုစစ်ဆင်ရေး” ကဲ့သို့သော ဝေါဟာရအသစ်များကို ထွင်ခဲ့သည်။

အစိုးရတာဝန်ခံမှုဆိုင်ရာအဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ရွှိုက်ဇာက ထိုဗျူဟာ၏ အကျိုးဆက်များအနေဖြင့် လွန်ခဲ့သည့် ငါးနှစ်အတွင်း အမေရိကန်တွင် အမေရိကန်လူမျိုး ထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး လွန်ခဲ့သည့် နှစ် ၅၀ အတွင်း ဖြစ်ပွားသည့် စစ်ပွဲများတွင် သေဆုံးမှုပမာဏထက်များကာ နေ့စဉ် အသေအပျောက်ဦးရေမှာ တိုးလာလျက်ရှိကြောင်း မှတ်ချက်ပြုသည်။ ထိုဗျူဟာသည် မူးယစ်ဆေးဝါး၊ ရောဂါ၊ ဝါဒဖြန့်မှုနှင့် တရားမဝင်လက်နက်စသည်တို့ပါဝင်နေသည့် ရှုပ်ထွေးသောမဟာဗျူဟာဖြစ်ကာ လူထုအဓိကရုဏ်းများနှင့် အမေရိကန်လူမျိုးများသေစေမှုကို ဖြစ်စေသည်ဟု စာရေးသူက ဆိုသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် တရုတ်အကြီးတန်းစစ်အရာရှိနှစ်ဦးက အမေရိကန်စစ်တပ်၏ အင်အားကို အကျယ်တဝင့် လေ့လာခဲ့ပြီးနောက် ယှဉ်နိုင်အောင် ကြိုးစားခြင်းသည် တရုတ်အတွက် အချည်းအနှီးသာဖြစ်လိမ့်မည်ဟု ကောက်ချက်ချခဲ့ပြီး စစ်ဆင်ရေး လက်နက်များကို ပြန်လည်ပုံဖော်ကာ စစ်မြေပြင်ကို ဗျူဟာသစ်များဖြင့် ပြန်လည်သတ်မှတ်မည့် စစ်ရေးနှင့်မဆိုင်သော လက်နက်များကို ဖြန့်ကြက်အသုံးပြုရန် အကြံပြုခဲ့ကြသည်။

အဆိုပါဗျူဟာများအနက်တခုမှာ တရားမဝင်မူးယစ်ဆေးဝါးများကို “မူးယစ်ဆေးဝါးစစ်ပွဲ” အဖြစ် အသုံးချခြင်းဖြစ်သည်ဟု ရွှိုက်ဇာက ဆိုသည်။

ဗြိတိသျှကုန်သည်များက ၁၉ ရာစုဘိန်းစစ်ပွဲများဖြင့် တရုတ်အင်ပါယာကို ထိုးဖောက်ခဲ့သောကြောင့် မူးယစ်ဆေးဝါးစစ်ပွဲသည် တရုတ်ခေါင်းဆောင်များအကြား အထူးအမှတ်ရစရာ အတိတ်မှအာရုံတခုဖြစ်သည်။ ဘိန်းကုန်သွယ်မှုသည် နိုင်ငံ၏စီးပွားရေးကို ထိပ်ဆုံးမှ အဆိုးဆုံးအခြေအနေထိ ရောက်ရှိစေခဲ့သည့် တိုက်ခိုက်မှုဖြစ်ကြောင်း ယနေ့ခေတ် ကွန်မြူနစ်တရုတ်အရာရှိများက ယုံကြည်ထားကြသည်။

ယနေ့ခေတ်တွင် မြောက်အမေရိက၌ ဖန်တနိုင်းပျံ့နှံ့မှုအဆင့်တိုင်းတွင် တရုတ်နှင့်မကင်းကြောင်းလည်း ရွှိုက်ဇာက ရေးသားထားသည်။

တရုတ်သည် ဖန်တနိုင်းထုတ်ရန်အတွက် ဓာတုကုန်ကြမ်းပစ္စည်းများကို တင်ပို့ရုံသာမက ထိုဓာတုပစ္စည်းများကိုလည်း ထုတ်လုပ်ကာ မက္ကဆီကိုနှင့် အမေရိကန်တို့တွင် ဖန်တန်နိုင်းနှင့် ဆေးပြားအတုများ ထုတ်လုပ်ခြင်း၊ အမေရိကန်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးခြင်း၊ မူးယစ်ဂိုဏ်းများ၏ ငွေကြေးလွှဲပြောင်းမှုနှင့် ငွေကြေးခဝါချမှုတို့ကို လွယ်ကူချောမွေ့စေရန် ကူညီခြင်းနှင့် အမေရိကန်တွင် လုပ်ငန်းလည်ပတ်မည့် ဂိုဏ်းများအသုံးပြုသော ဆက်သွယ်ရေးကွန်ရက်များကို ပံ့ပိုးပေးခြင်းများလုပ်သည်ဟု ဆိုသည်။ စစ်ရေးအရှိန်မြင့်လာမှုနှင့်အတူ အပြင်းစားဆေးဝါးများကို လက်နက်အဖြစ်ဖြန့်ဖြူးမည့် အစီအစဉ်များလည်း ရှိသည်ဟု စာရေးသူက ပြောသည်။

အသက် ၄၅ နှစ်အောက် အမေရိကန်နိုင်ငံသားများ သေဆုံးရခြင်း၏ အဓိကအကြောင်းအရင်းမှာလည်း ဖန်တနိုင်းဖြစ်ကြောင်းနှင့် နာဂါဆာကီ အဏုမြူဗုံးကြဲချမှုကြောင့် သေဆုံးမှုအရေအတွက်ထက် အမေရိကန်များ တနှစ်အတွင်း သေဆုံးရမှုက ပိုများကြောင်း ရွှိုက်ဇာက ပြောသည်။ သို့သော် မူးယစ်ဆေးဝါးစစ်ပွဲသည် အမေရိကန်ကို ဖြုတ်ချမည့် မဟာဗျူဟာ၏ အစိတ်အပိုင်းတခုမျှသာဖြစ်သည်။ နောက်တခုမှာ အမေရိကန်ရှိ အစွန်းရောက် မဟာမိတ်အုပ်စုများကို အသုံးချကာ လူထုမငြိမ်မသက်မှုများဖြစ်စေရန် လှုံ့ဆော်ခြင်းဖြစ်သည်။

တရုတ်သည် အမေရိကန်၏ လူထုမငြိမ်သက်မှုများ မြင့်တက်လာခြင်းနှင့် ကွဲလွဲမှုများကို နိုင်ငံ၏ အားနည်းချက်အဖြစ် ရှုမြင်ထားပြီး ပြင်းထန်လာသော နိုင်ငံရေးပြိုင်ဆိုင်မှုသည် အမေရိကန်၏ စွမ်းအင်ကို ဆုတ်ယုတ်စေသည်ဟု ၂၀၂၀ ထုတ် တရုတ်စစ်တပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်သည် အမေရိကန်တွင် လူထုအဓိကရုဏ်းများနှင့် ကွဲလွဲမှုများကို ထပ်မံဖြစ်စေရေးအတွက် အကြမ်းဖက်မှုနှင့် လူမျိုးရေးတင်းမာမှုများကို လှုံ့ဆော်ပေးသည့် အမေရိကန်အတွင်းရှိ လက်ဝဲစွန်းအုပ်စုများစွာကို အသုံးပြုကာ ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ကြောင်း ဆောင်းပါးရှင်က ဆိုသည်။

တရုတ်က အမေရိကန်ကို တိုက်ရန် မူးယစ်ဆေးဝါးစစ်ပွဲ၊ လူထုအဓိကရုဏ်းများနှင့် အခြားလက်နက်များကို အသုံးချနေစဉ်မှာ အမေရိကန်ခေါင်းဆောင်များက လက်ပိုက်ကြည့်နေကြသည်ဟု စာရေးသူက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့အပေါ် တရုတ်ရဲ့ ရန်လိုမှုတွေထက် ပိုထိတ်လန့်စရာကောင်းတာက ကျွန်တော်တို့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ တမင်တကာ မျက်ကွယ်ပြုမှုပါ။ ကျွန်တော်တို့ မြေကို တရုတ်က အကြီးအကျယ် ထိခိုက်ပျက်စီးအောင် လုပ်နေတာကို ရင်ဆိုင်ရမယ့်အစား အမေရိကန်ဟာ ပြည်တွင်းက အသေးအဖွဲမူဝါဒတွေကို အာရုံစိုက်နေတာပါ” ဟု စာအုပ်တွင် ရေးသားထားသည်။

“အဓိကအကြောင်းရင်း နှစ်ခုက အကျင့်ပျက်ခြစားမှုနဲ့ တာဝန်ပေါ့ပါးချင်မှုတွေကြောင့်ပါ။ တချို့ခေါင်းဆောင်တွေက တရုတ်နိုင်ငံနဲ့ ငွေကြေးအရဆက်ဆံမှုတွေရှိနေပြီး သူတို့က ဘဏ္ဍာငွေစီးဆင်းမှုကို အနှောင့်အယှက်မဖြစ်စေချင်ကြပါဘူး။ တချို့ကတော့ တရုတ်ရဲ့လုပ်ရပ်တွေကို ပေါ့ပေါ့တွေးပြီး လျစ်လျူရှုထားကြပါတယ်။” ဟု ရှိုက်ဇာက ပြောသည်။

အမေရိကန်အနေဖြင့် တရုတ်လုပ်ရပ်များနှင့်ပတ်သက်သော အမှန်တရားကို ဝန်ခံလိုက်ပါက ကြီးမားသောအပြောင်းအလဲတခုကို လက်ခံရမည်ဖြစ်သလို နိုင်ငံရေးခေါင်းဆောင်များ၏ လှုပ်ရှားမှုများအတွက် ငွေကြေးထောက်ပံ့လေ့ရှိတတ်သော တရုတ်အစိုးရနှင့်ဆက်စပ်သည့်ကုမ္ပဏီများနှင့် ပူးပေါင်းခြင်းမှ အကျိုးအမြတ်ရရှိနေကြသည့် ဆီလီကွန်တောင်ကြားမှ Wall Street အထိ လူ့မလိုင်များ၏ ဘဝနှင့်အသက်မွေးမှုများကို ရုတ်ခြည်းအနှောင့်အယှက်ဖြစ်စေမည့် အလွန်အမင်းခက်ခဲသော ရွေးချယ်ဆုံးဖြတ်မှုများကို လုပ်ဆောင်ရပေလိမ့်မည်။

ရှိုက်ဇာက သမ္မတဂျိုးဘိုင်ဒင်၊ ကန်တက်ကီပြည်နယ်မှ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်၊ ကယ်လီဖိုးနီးယားပြည်နယ်မှ ဒီမိုကရက်တစ်ကိုယ်စားလှယ် အဒမ်ရှစ်ဖ်၊ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆမ်အပါအဝင် တရုတ်၏ ဥပဒေမဲ့ လုပ်ရပ်များကို သတိပြုမိသော်လည်း အရေးယူမှုမရှိသူအချို့၏ အမည်များကို သူ၏စာအုပ်တွင် ဖော်ပြထားသည်။

“တရုတ်ပါဝင်ပတ်သက်မှုအကြောင်း လက်ခံနိုင်လောက်တဲ့ အထောက်အထားတွေ အလွယ်တကူ ရနိုင်ပေမယ့် အမေရိကန်ခေါင်းဆောင်အများစုဟာ တရုတ်ကို တာဝန်ခံခိုင်းဖို့ သတိထား ရှောင်ရှားကြပါတယ်။ သူတို့ ဒါမှမဟုတ် သူတို့ရဲ့ ရင်းနှီးတဲ့ မဟာမိတ်တွေကို အကျိုးပြုတဲ့ စီးပွားဖြစ်အခွင့်အလမ်းတွေနဲ့ အပေးအယူလုပ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးကို အနှောင့်အယှက်မဖြစ်စေလိုတဲ့ အကြောင်းပြချက်နဲ့ ခေါင်းဆောင်တွေဟာ အမေရိကန်ပြည်သူတွေကို မတရား ပြုမူဆက်ဆံဖို့ ခွင့်ပြုပြီး အနာဂတ်မျိုးဆက်သစ်တွေကို ဖျက်ဆီးပစ်လိုက်တာပါ။” ဟု ဆောင်းပါးရှင် ရှိုက်ဇာက ၎င်း၏စာအုပ်တွင် ရေးသားထားသည်။