စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နပန်းလုံးထိုးသတ်ခဲ့သော KPF ရဲဘော်ကို ဆုငွေကျပ် ၁၀သိန်း ချီးမြှင့်

ပုံအညွှန်း။ ။ စစ်ကောင်စီတပ်သားတဦးနှင့် နပန်းလုံးထိုးသတ်ခဲ့သော RPG လက်နက်ကိုင် KPF ရဲဘော်(ဓာတ်ပုံ။ ။ KPF)

ပုံအညွှန်း။ ။ စစ်ကောင်စီတပ်သားတဦးနှင့် နပန်းလုံးထိုးသတ်ခဲ့သော RPG လက်နက်ကိုင် KPF ရဲဘော်(ဓာတ်ပုံ။ ။ KPF)

ကိုခင်မောင်

(မဇ္စျိမ)။ ။ ကချင်ပြည်နယ် ၊ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးနှင့် နပန်းလုံးထိုးသတ်အနိုင်ယူခဲ့သော KPF ရဲဘော်တဦးကို ဆုငွေကျပ် ၁၀၀,၀၀၀ ချီးမြှင့်ခဲ့ကြောင်း Kagabu People’s Force (KPF)က ယမန်နေ့( မေလ ၇ ရက်) ညတွင် သတင်းထုတ်ပြန်သည်။

ဆွမ်ပရာဘွမ်မြို့၏ နောက်ဆုံးလက်ကျန် ခလရ( ၄၆) ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲ၌ အသက် ၂၀ အရွယ်ရှိ RPG လက်နက်ကိုင်‌ဆောင်သူ KPF ရဲဘော် ဒီးဆာရ်းသည် ရန်သူနှင့်အနီးကပ်တွေ့ဆုံချိန်တွင် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ချက်ချင်းနပန်းလုံးကာ သတ်ပုတ်အနိုင်ယူနိုင်ခဲ့သောကြောင့် စံပြတပ်ဖွဲ့အဖြစ်ဂုဏ်ပြုကာ ဆုငွေချီးမြှင့်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

“ဖြစ်စဉ်ကတော့ ညမှောင်ရီခါစ ဆိုတော့ စခန်းသိမ်း၀င်ရင်း ကတုတ်ထဲ ပက်ပင်းတိုးကြတော့ RPG က အနီးကပ်ပစ်လို့မရတော့ ၀င်လုံးပြီးသတ်ပုတ်အနိုင်ယူခဲ့တာပါ။ KPFရဲဘော်ကိုလည်း ဂုဏ်ပြုထားပါတယ်။” ဟု Kagabu People’s Force တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

ထို့အပြင် အဆိုပါမြို့သိမ်းတိုက်ပွဲတွင် ပါ၀င်ခဲ့သော KPFတပ်ဖွဲ့ ၀င်များအားလုံးအတွက် ဂုဏ်ပြု‌ငွေ ၂,၀၀၀,၀၀၀ကျပ်တိတိ(သိန်း ၂၀)ကို KPFတပ်ဖွဲ့မှ ဆုချပေးခဲ့ကြောင်းထုတ်ပြန်ထားသည်။

Kagabu People’s Forceသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ မေလ ၅ရက် နံနက်တွင် စစ်ကောင်စီ ဗျူဟာကုန်းကို သိမ်းပိုက်ရရှိခဲ့သည်။

ထို့အပြင် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲတွင် ရဲဝံ့ပြတ်သားစွာ တိုက်ပွဲဆင်နွဲခဲ့ကြသော KIA၊ KPDFနှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပူးပေါင်းတပ်ဖွဲ့အား ဂုဏ်ယူစွာဖြင့် အလေးပြုပါကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ခါကာဘိုဒေသခံများအား အနိုင်ကျင့်အုပ်ချုပ်နေသော စစ်အာဏာရှင်လက်အောက်ခံများအားလုံးကို KIA၊ KPDF နှင့် KPFပူးပေါင်းတပ်တို့က အပြီးတိုင် တိုက်ခိုက်‌ ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)