တောင်တရုတ်ပင်လယ်အရေး ကျင့်ဝတ်စည်းမျဉ်းဆိုင်ရာ တရုတ်၏ ချဉ်းကပ်မှု

The Singapore Post

နိုင်ငံများသည် တောင်တရုတ်ပင်လယ်အတွင်း ၎င်းတို့ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်မည့် ထိရောက်ပြီး အနှစ်သာရရှိသော တောင်တရုတ်ပင်လယ်အရေးကျင့်ဝတ်စည်းမျဉ်း (CoC) ဆိုင်ရာ သဘောတူညီချက်ကို ဆောလျင်စွာရရှိရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ အရှိန်မြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အစောပိုင်းက အလားတူ ကြေညာချက်တခု ထွက်ပေါ်လာပြီးနောက် ရှစ်လအကြာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း အင်အားအကြီးမားဆုံးဖြစ်သည့် တရုတ်နိုင်ငံသည် ထိုအရွေ့တွင် မပါဝင်ချင်ဘဲ နယ်မြေ ပိုင်ဆိုင်မှုရရေး တဖက်သတ် အင်တိုက်အားတိုက် လုပ်ဆောင်ရန် ပိုမိုလိုလားနေသောကြောင့် ပြီးခဲ့သည့်ဆယ်စုနှစ်များစွာအတွင်း တောင်တရုတ်ပင်လယ်အရေး ကျင့်ဝတ်စည်းမျဉ်း (CoC) နှင့်ပတ်သက်ပြီး သဘောတူညီမှုတစုံတရာ မရရှိခြင်းမှာ အံ့သြစရာမဟုတ်ပေ။

ထိုရှည်လျားသော လုပ်ငန်းစဉ်သည် လိုအပ်သည်ထက် ပိုကြာနိုင်ဖွယ်ရှိကြောင်း CoC ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများက ပြသနေပြီး တရုတ်သည် တောင်တရုတ်ပင်လယ်တွင် ၎င်း၏ ပိုင်နက်တောင်းဆိုမှုများကို ခိုင်မာစေရေး အချိန်ရရန် အကြောင်းပြချက်အဖြစ် လက်ရှိ CoC ညှိနှိုင်းမှုများကို အသုံးချလျက်ရှိသည်။

ထို့ပြင် တရုတ်သည် CoC အတွက် စေ့စပ်ညှိနှိုင်းရင်း ခိုင်မာသော အပေးအယူအနေအထားတခု ရရှိစေရန် ၎င်း၏ စစ်ရေးစွမ်းရည်များကို ခေတ်မီအောင် လုပ်ဆောင်နေကာ ဒေသတွင်း၌ အမေရိကန်စစ်တပ် တည်ရှိမှုကို  ဟန့်တားနိုင်အောင် ကြိုးပမ်းနေသည်။

တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာစာတမ်း (DoC) နှစ် (၂၀) ပြည့် အထိမ်းအမှတ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများမှ ခေါင်းဆောင်များသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် စုဝေးခဲ့ကြသည်။

ခေါင်းဆောင်များသည် သတ်မှတ်ချက်များအတိုင်းပင် ကုလပဋိညာဉ်စာတမ်း  ရည်ရွယ်ချက်များနှင့် အခြေခံမူများ၊ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCLOS) နှင့် နိုင်ငံအချင်းချင်းဆက်ဆံရေးကို ထိန်းချုပ်သည့် အခြေခံစံနှုန်းများအဖြစ် ဆောင်ရွက်မည့် ကမ္ဘာအသိအမှတ်ပြု တခြားသော နိုင်ငံတကာဥပဒေစည်းမျဉ်းများကို  နှစ်စဉ်နှစ်တိုင်း ထပ်လောင်းအတည်ပြုကြသည်။

CoC ဆိုင်ရာ တိုးတက်မှုမရှိခြင်းကြောင့် တောင်တရုတ်ပင်လယ်သည် တရုတ်နိုင်ငံ၏ အမြဲတစေခြိမ်းခြောက်မှုနှင့် ရံဖန်ရံခါ အင်အားအသုံးပြုမှုအောက်ရောက်ရှိနေသည့် အခြေအနေတရပ်ကို ဖြစ်ပေါ်စေသည်။ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ဘဲ တရုတ်က အခြားနိုင်ငံအားလုံးအပေါ် ရန်လိုသော ရဲအရာရှိ၊ တရားသူကြီး၊ ခုံသမာဓိအဖွဲ့နှင့် ထောင်မှူးပုံစံအဖြစ် ပြုမူနေသည့် နေရာတခုဖြစ်နေသည်။

ယနေ့ တရုတ်နိုင်ငံသည် ရေတပ်၊ ကမ်းရိုးတန်းစောင့်တပ်နှင့် ပြည်သူ့စစ်သင်္ဘောများ အဆက်မပြတ် တပ်ဖြန့်ထားခြင်းဖြင့် စည်းမျဉ်းများ အတင်းအကျပ်ချမှတ်ကာ နိုင်ငံဆိုင်ရာအခွင့်အရေးနှင့် စီရင်ပိုင်ခွင့်များအတွက် တဦးတည်း ဆုံးဖြတ်ချက်ချသူအဖြစ် ပြုမူလျက်ရှိသည်။

တရုတ်သည် အာဆီယံနှင့် CoC စည်းမျဉ်းများကို ညှိနှိုင်းရန် နှစ်ပေါင်းများစွာ ငြင်းဆန်ကာ တောင်တရုတ်ပင်လယ်ပိုင်နက်တောင်းဆိုသူများနှင့် နှစ်ဦးနှစ်ဖက်ပုံစံဖြင့် ဖြေရှင်းရန် တောင်းဆိုခဲ့သည်။

တရုတ်သည် အာဆီယံနိုင်ငံများအတွင်း သိသိသာသာ အင်အားမညီမျှမှုအပေါ် အမြတ်ထုတ်နေသောကြောင့် ထိုဗျူဟာ အလုပ်ဖြစ်သည်မှာ သေချာသည်။

တမင်ကြံစည်ခြင်း သို့မဟုတ် ပျက်ကွက်မှုများကျူးလွန်ရင်းနှင့်ပင် တရုတ်သည် ၂၀၁၃ ခုနှစ်တွင် CoC အရေးကို အာဆီယံနှင့်အတူ ပိုမိုစိတ်အားထက်သန်စွာ လုပ်ဆောင်လာခဲ့သည်။ တောင်တရုတ်ပင်လယ်ပိုင်နက်၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်းတောင်းဆိုသည့် nine-dash line ခေါ် တဖက်သတ် ရေပိုင်နက်သတ်မှတ်မှု ဆုံးဖြတ်ချက်အတွက် ဖိလစ်ပိုင်နိုင်ငံက  နိုင်ငံတကာခုံရုံးကို ချဉ်းကပ်လာချိန်တွင် တရုတ်က ထိုသို့ လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။

တရားရုံးက ဖိလစ်ပိုင်ကို ထောက်ခံပြီး တောင်တရုတ်ပင်လယ်ပိုင်နက်အများစုအား  တရုတ်တောင်းဆိုမှုကို ပယ်ချခဲ့သည်။ ခုံရုံးက တရုတ်နိုင်ငံ၏ ရေပိုင်နက်ဆိုင်ရာ သမိုင်းဝင်အခွင့်အရေး တောင်းဆိုမှုသည် UNCLOS အရ တရားမဝင်ကြောင်း ၂၀၁၆ ခုနှစ်တွင် ကြေညာခဲ့သည်။

ကျွန်းတုများတည်ဆောက်ခြင်းနှင့် ငါးဖမ်းခြင်းနှင့်ရေနံရှာဖွေခြင်းတို့ကို ဝင်ရောက်စွက်ဖက်ခြင်း အပါအဝင် ဒေသတွင်း တရုတ်၏ လုပ်ရပ်များသည် ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာပိုင်အခွင့်အရေးများကို ချိုးဖောက်ခဲ့ကြောင်းလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

သို့သော် တရုတ်က အဆိုပါ စီရင်ချက်ကို ပယ်ချခဲ့ပြီး တောင်တရုတ် ပင်လယ်အတွင်း ပိုင်နက်တောင်းဆိုမှုများကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုနှင့်ပတ်သက်၍ မတူညီသော ရပ်တည်ချက်များရှိသည်။

နိုင်ငံအချို့သာ ပိုင်နက်တောင်းဆိုကြပြီး တရုတ်နိုင်ငံ မပါဝင်သည့်အရေးတွင်တောင်  ပိုင်နက်အငြင်းပွားမှုအချို့ ရှိနေသေးသည်။

ထို့ပြင် တရုတ်၏ စီးပွားရေးနှင့် နိုင်ငံရေးလွှမ်းမိုးမှုသည်  အာဆီယံနိုင်ငံတိုင်းအပေါ် တထပ်တည်း မဟုတ်သော်လည်း သက်ရောက်မှု ရှိနေသည်။

အဖွဲ့ဝင်နိုင်ငံအချို့ အထူးသဖြင့် ပိုင်နက်မတောင်းဆိုသူများသည် တရုတ်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအလေးထားကြပြီး အာဆီယံအဖွဲ့အနေဖြင့် တရုတ်နိုင်ငံနှင့် ညှိနှိုင်းရန် စိတ်အားထက်သန်မှု မရှိကြပေ။

ထိုအခြေအနေက ပိုင်နက်အငြင်းပွားမှုများကို စုပေါင်းဖြေရှင်းရန် ပူးပေါင်းကြိုးပမ်းမှုတွင် အာဆီယံအဖွဲ့ဝင်များအား သြဇာလွှမ်းမိုးမှု  မပေါင်းစည်းမိစေရန် တားမြစ်ထားသည်။

သို့သော် အာဆီယံနိုင်ငံအားလုံးသည် တောင်တရုတ်ပင်လယ်ပဋိပက္ခကို မလိုအပ်ဘဲ အလျင်အမြန် အရှိန်မြင့်တက်လာမှုကို တားဆီးရန် ဗျူဟာမြောက်ရပ်တည်ချက်ကို လက်ကိုင်ထားကြသည်။

 ထိုရပ်တည်ချက်ကြောင့်ပင် အာဆီယံသည် တရုတ်နိုင်ငံနှင့် CoC အရေး ညှိနှိုင်းရန် ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်သည်။

အချို့သောနိုင်ငံများက  နှစ်ဖက်ညှိနှိုင်းရန် ကမ်းလှမ်းကြသော်လည်း ထိုချဉ်းကပ်မှုသည် တရုတ်ကို အသာစီးရစေကြောင်း နားလည်ထားကြသည်။

ထို့ကြောင့် ၎င်းတို့သည် တောင်တရုတ်ပင်လယ်အရေးအငြင်းပွားမှုကို အာဆီယံ ဦးဆောင်သည့် ချဉ်းကပ်မှုနည်းလမ်းဖြင့် စီမံရန် ပိုမိုလိုလားကြသည်။

အာဆီယံနိုင်ငံများသည် နှစ်ပေါင်းများစွာ တရုတ်ဘက်လိုက်၍ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့သော်လည်း တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံရန်နှင့် ထိရောက်သော CoC မူဘောင်တရပ် ပေါ်ထွက်လာစေရန် အမြဲမပြတ် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

အာဆီယံ၏ မျှော်လင့်ချက်မှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုမှုများတွင် တရုတ်အား ထွက်ပေါက်ရစေမည့် အားနည်းသော စည်းမျဉ်းဥပဒေ မဖြစ်စေရန် ၎င်းတို့အဆက်မပြတ် ကြိုးပမ်းမှုများကို ရောင်ပြန်ဟပ်စေသော ဥပဒေအရကျင့်သုံးမည့် COC တခုဖြစ်စေရန် ဖြစ်သည်။

တရုတ်သည် နိုင်ငံတနိုင်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်း နေသည်မှာလည်း နည်းဗျူဟာတခုပင် ဖြစ်သည်။

အဆုံးသတ်ရလဒ်မရှိသည့် ရှည်ကြာသော ညှိနှိုင်းဆွေးနွေးမှုများက တရုတ်အား CoC လုပ်ငန်းစဉ်စတင်ချိန်ကထက် တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်များစွာကို ပိုမိုထိန်းချုပ်နိုင်စေသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ တောင်းဆိုမှုများသည် ဥပဒေနှင့် မညီကြောင်း တွေ့ရှိခဲ့သည့် ကုလသမဂ္ဂ ခုံရုံး၏ ၂၀၁၆ ခုနှစ်ဆုံးဖြတ်ချက်ကြောင့် တရုတ်သည် တောင်တရုတ်ပင်လယ်တွင် ရန်လိုသော စစ်ပြုမှုပုံစံကို ဆက်လက်လုပ်ဆောင်နေရင်းဖြင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းမည့်ပုံစံသို့ ဦးတည်သွားခဲ့သည်။

ဆွေးနွေးမှုကဲ့သို့သော CoC လုပ်ငန်းစဉ်ဆိုင်ရာဆက်လက်ရှင်သန်ရေးအတွက် အာဆီယံ၏ အလေးထားမှုမှာလည်း နှေးကွေးလာသည်။  CoC မူဘောင်ကို ၂၀၂၆ တွင် အပြီးသတ်လုပ်ဆောင်မည်ဆိုသည့်တိုင် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့သော ရည်မှန်းချက်သည် အရင်းခံအငြင်းပွားမှုများကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် UNCLOS ၏ စည်းမျဥ်းစည်းကမ်းအတိုင်း ညှိနှိုင်းရမည် ဖြစ်ကာ နှစ်နှင့်ချီ၍ ကြာပေလိမ့်မည်။

အိန္ဒိယ-တရုတ်နယ်စပ်ပြဿနာ ညှိနှိုင်းရေးမှာလည်း တရုတ်၏ နည်းဗျူဟာအတိုင်းပင်ဖြစ်သည်။

တရုတ်သည် အသာစီး အနေအထား အင်အားဖြင့် စေ့စပ်ညှိနှိုင်းနေသည်ဟု အထင်ရောက်လျက် နယ်စပ်အရေးတွင် အိန္ဒိယနှင့် သဘောတူညီမှုရရန် ကြိုးပမ်းပေလိမ့်မည်။ ထို့နောက် တရုတ်သည် သဘောတူညီချက်တခုအတွက် စည်းကမ်းသတ်မှတ်ချက်များကို ၎င်းကပင် ချမှတ်ကာ နယ်စပ်အရေးတွင် အိန္ဒိယကို ဆက်လက်ကစားနေဦးမည်သာ ဖြစ်သည်။