ထားဝယ်မြို့ စောမိညိုလမ်းရှိ လူနေအိမ် ၇၀ ကျော်ကို ဖယ်ရှားခိုင်းဟုဆို

ပုံအညွှန်း- ထားဝယ်မြို့နယ် စောမိညိုလမ်း အဝင်အားတွေ့ရစဉ်။

ကိုရွှေမြိတ်


(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း ၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းရှိ လူနေအိမ် ၇၀ ကျော်ကိုစစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ငါးရက်အတွင်း အပြီးဖယ်ရှားခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေရာတွေက လယ်မြေတွေပါ။ စျေးသက်သာလို့ လူတွေက ဝယ်ကြတာပါ။ အခုကထွက်ခိုင်းပြီဆိုတော့ ဘာမှပြောလို့မရတော့ဘူး။ စစ်ကောင်စီတပ်က တပ်လာစွဲမှာမို့လို အခုလိုဖယ်ခိုင်းတာလို့လဲ ကြားပါတယ်”ဟု ဒေသခံကပြောသည်။

အဆိုပါလမ်းတလျှောက်ရှိ လူနေအိမ်များအပြင် ဆန်စက်၊ ပွဲရုံနှင့် မွေးမြူးရေးခြံများပါ ဖယ်ရှားခိုင်းသည့်စာရင်းထဲ ပါဝင်နေသည်ဟု ၎င်းကဆိုသည်။

“အခုလ ၂၁ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရမယ်ဆိုပြီး အစည်းဝေးမှာပြောတယ်၊ အားလုံးကလည်း ဒီကာလမှာ အခက်အခဲမျိုးစုံနဲ့ ကြုံနေရတော့ ဘာမှလည်း ပြောပိုင်ခွင့်လည်း မရှိဘူး”ဟု ဘုမ္မော်ရပ်ကွက်တွင်‌ နေထိုင်သူ အမျိုးသမီးတဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်‌ရေးမှူးရုံးတွင် စည်းဝေးခေါ်ယူကာ ငါးရက်အတွင်း အပြီးဖယ်ရှားပေးရန် ဒေသခံများကို ပြောဆိုသွားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“မဖယ်ပေးဘူးဆို လယ်ယာမြေဥပဒေနဲ့ အရေးယူမယ်လို့ ပြောပါတယ်။ လက်ရှိရွေ့ပြောင်းနေတဲ့သူတွေလဲ ရှိပါတယ်”ဟု ဒေသခံကပြောသည်။

အဆိုပါ မြေနေရာများသည် လယ်မြေများပေါ်တွင် အကွက်ရိုက်ရောင်းချ ထားခြင်းများဖြစ်ပြီး လက်ရှိတွင် နေအိမ်အခိုင်အမာ ဆောက်လုပ်၍ နေထိုင်နေသူများပါ ရှိနေသည်ဟု ၎င်းကဆိုသည်။

အဆိုပါရပ်ကွက်အား အာဏာမသိမ်းခင်က ဖယ်ရှားပေးရန် ညွှန်ကြားမှုတကြိမ် ရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ဒေသခံများက အသနားခံစာတင် တောင်းဆိုသည့်အတွက် ဆက်၍နေထိုင်ခွင့်ပြုပေးထားသည်နေရာဖြစ်သည်ဟုလည်း ဒေသခံထံမှ သိရသည်။

အဆိုပါရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွါးလေ့ရှိသည်ဟုလည်း ဒေသခံကပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ