မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားရေး ‘ချောက်ကမ်းပါး’ ၌ ရှိနေဟု ကုလသမဂ္ဂ သတိပေး

ပဲယင်းမြို့ရှိကျေးရွာမီးရှို့ဖျက်ဆီးခံရ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများ

The Straits Times

မြန်မာနိုင်ငံက ပြည်သူ သုံးပုံတပုံ သို့မဟုတ် ၁၈ သန်းကျော်သည် လက်ရှိ လူသားချင်း စာနာထောက်ထားရေး အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ဒီဇင်ဘာ ၁၈ ရက်တွင် သတိပေးပြီး လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန် လာမည့်နှစ်၌ အလှူငွေ ဒေါ်လာ တစ်ဘီလီယံ ရရှိရန် ကြိုးပမ်းလာသည််။

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားရေး အခြေအနေသည် လွန်ခဲ့သော သုံးနှစ်ခန့် အာဏာသိမ်းချိန်မှစကာ ဆိုးဝါးလျက် ရှိသည်ဟု ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီးက ပြောသည်။

“၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှစလို့ အရပ်သား ပြည်သူတွေဟာ ခုနေခါမှာ စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေရပြီး လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်း နက်ရှိုင်းလာတာနဲ့အတူ မြန်မာနိုင်ငံဟာ ၂၀၂၄ မှ ချောက်ကမ်းပါးနား ရှိနေပြီ ဖြစ်တယ်”ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု ရုံး OCHA က ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။

လက်ရှိ၌ လူသားချင်း စာနာထောက်ထားရေး အကူအညီ လိုအပ်နေသည်ဟု မြန်မာပြည်သူပေါင်းမှာ ၁၈ ဒသမ ၆ သန်း ရှိပြီး လွန်ခဲ့သည့် တနှစ်ကထက် ၁ သန်းကျော် ပိုများလာကာ အာဏာမသိမ်းခင် ၂၀၂၀ ကထက် ၁၉ ဆ မြင့်တက်ခြင်းပဲ ဖြစ်သည်။

“ကလေးငယ်တွေဟာလည်း ဘေးဒုက္ခ ခံစားနေကြရတယ်၊ နေရပ်ရွှေ့ပြောင်းရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး အဆက်ပြတ်တာ၊ စားနပ်ရိက္ခာ မဖူလုံဘဲ အာဟာရ ချို့တဲ့တာ၊ အတင်းအကျပ် လူသစ်စုဆောင်းခံရမယ့် ဘေးအန္တရာယ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေလို လိုအပ်ချက်တွေ ရှိနေတဲ့ ကလေးငယ်ပေါင် ၆ သန်းကျော်မက ရှိတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ယာယီညှိနှိုင်းရေးမှူး မာကိုလီဂျီ ကော်စီက သတိပေးသည်။

ယခု ထုတ်ပြန်ချက်၌ ဒီဇင်ဘာ ၁၁ ရက်အထိ နေအိမ်များမှ ဘေးလွတ်ရာ ရွှေ့ပြောင်းရသူပေါင်းသည် ၂ ဒသမ ၆ သန်းနီးပါး ရှိပြီး ၂၀၂၂ အလားတူကာလကထက် ၁ ဒသမ ၁ သန်း တိုးများလာသည့် အမြောက်အများ နေရပ်ရွှေ့ပြောင်းရမှုကို အထူးစိုးရိမ်ကြောင်း အလေးပေး ဖော်ပြထားသည်။

နောက်ထပ် ပိုမို ဆိုးဝါးမည့် အခြေအနေအဖြစ် “၂၀၂၄ တွင် ပဋိပက္ခများနှင့် တိုက်ပွဲများက ပို၍ ဆိုးဝါးလာမည်ဟု မျှော်လင့်ကြောင်း” အစီရင်ခံစာက ဆိုပြီး “အရပ်သားများအပေါ် စနစ်တကျ စစ်ရေး အကြမ်းဖက်မှုများ” ကို ရှုတ်ချထားသည်။

အလွန်တရာ အရေးကြီး အခြေအနေနှင့် ပတ်သက်ပြီး ၂၀၂၄ ၌ မြန်မာနိုင်ငံတွင် အကူအညီ ဦးစားပေး လိုအပ်သူများဟု သတ်မှတ်ရသည့် ပြည်သူ ၅ ဒသမ ၃ သန်းအား ကူညီပေးနိုင်ရေး လှူဒါန်းမှု အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်သည်ဟု OCHA က ဒီဇင်ဘာ ၁၈ ရက်တွင် တောင်းဆိုသည်။

“၂၀၂၃ မှာ အကူအညီ လျော့နည်း ရရှိတာမျိုး ထပ်ဖြစ်ရင် ကျွန်တော်တို့တွေ တတ်နိုင်မှာ မဟုတ်ဘူး”ဟု ကော်စီက ပြောသည်။ ထိုနှစ်က ရန်ပုံငွေ အကူအညီသည် လိုအပ်ချက်၏ ၂၉ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်း ဖြစ်သည်။ ထို ၂၀၂၃ တွင် ဦးစားပေးလိုအပ်သူ ပြည်သူ ၁ ဒသမ ၉ သန်းခန့်ဆီ အကူအညီများ မရောက်ရှိခဲ့ကြောင်း ၎င်းက ထောက်ပြသည်။

“ပြည်သူ သန်းပေါင်းများစွာ ဘေးကြုံနေတယ်၊ ကျွန်တော်တို့အားလုံးအနေနဲ့ မြန်မာနိုင်ငံဟာ အမေ့လျော့ခံ အကျပ်ဆိုက်နေတဲ့ နိုင်ငံမဖြစ်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်ကြရမယ်”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)