ရခိုင်က သေဆုံး၊ ပျောက်ဆုံး စစ်ကောင်စီတပ်သား မိသားစုဝင်များ ဘုရင့်နောင်စစ်ကြောရေးသို့ရောက်ရှိ

ပုံအညွှန်း _ ဘုရင့်နောင် အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း။

ရွှေနွယ်

(မဇ္ဈိမ) ။ ။ရခိုင်ပြည်နယ်က တိုက်ပွဲအတွင်း သေဆုံး၊ ပျောက်ဆုံးသွားသော စစ်ကောင်စီတပ်သားများ၏ မိသားစုဝင်များသည် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင် အမှတ် (၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ရောက်ရှိနေသည်ဟု တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းကပြောသည်။

“အဲ့တာရောက်နေတာဟုတ်ပါတယ်” ဟု တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးလင်းထွန်းက အတည်ပြုပြောသည်။

လက်ရှိ အဆိုပါမိသားစုဝင်များမှာ အာဟာရပြတ်သည့် အခြေအနေမျိုးဖြင့်ကြုံတွေ့နေရပြီး အကူအညီ လိုအပ်နေသည်ဟု စစ်ကောင်စီထောက်ခံသူများက ရေးသားဖော်ပြထားကြသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံ တပ်ရင်းများမှ သေဆုံး၊ ပျောက်ဆုံးသည့် စစ်ကောင်စီတပ်သားများ၏ မိသားစုဝင်များဖြစ်သော သက်ကြီးရွယ်အို အမျိုးသား ၁၀ ဦး၊ တပ်သားဇနီး ၅၃ ဦး၊ အရွယ်ရောက်သူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သားသမီး ၂၈ ဦးနှင့် အရွယ်မရောက်သေးသူ ကလေး ၁၂ ဦး စုစုပေါင်း ၁၁၂ ဦး ရောက်ရှိနေခြင်းဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသူများက ဖော်ပြထားသည်။

အဆိုပါ ကျန်ရစ်မိသားစုဝင်များသည် အဝတ်တထည်ကိုယ်တခုဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး အာဟာရပြတ်တောက်လျက်ရှိသောကြောင့် ထောက်ပံ့ကူညီ လှူဒါန်းရန်ဟုဆိုကာ စစ်ကောင်စီ ထောက်ခံသူများက အလှူငွေကောက်ခံလျက်ရှိသည်ကို လူမှုကွန်ရက်တွင် မြင်တွေ့ရသည်။

“လက်ရှိအခြေအနေတွင် အ၀တ်အစားများ၊ အာဟာရအတွက် အစားအစာများ၊ သုံးစွဲရန် ငွေကြေးများ ခက်ခဲနေကြပြီး နှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာများ ထိခိုက်လျှက်ရှိသော အခြေအနေများနှင့် ကြုံတွေ့နေရပါသဖြင့်” ဟု ၎င်းတို့ရေးသားမျှဝေထားသော စာတွင်တွေ့ရသည်။

စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် စကခ (၉) သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် တည်ရှိသည်။ ၎င်း၏ လက်အောက်တွင် ခမရ (၃၇၄) ကျောက်တော်၊ ခမရ (၃၇၅) ကျောက်တော်၊ ခမရ (၃၇၆) ကျောက်တော်၊ ခမရ (၃၇၇) မြောက်ဦး၊ ခမရ (၃၇၈) မြောက်ဦး၊ ခမရ (၃၇၉) မင်းပြား၊ ခမရ (၃၈၀) မင်းပြား၊ ခမရ (၅၃၉) ကျောက်တော်၊ ခမရ (၅၄၀) မြောက်ဦးနှင့် ခမရ (၅၄၁) မင်းပြား စသည့်တပ်ရင်း ၁၀ ခုပါဝင်သည်။

လက်ရှိ ဘုရင့်နောင်စစ်ကြောရေးတွင် ရောက်ရှိနေသူများသည် မည်သည့်တပ်ရင်းမှ စစ်ကောင်စီတပ်မိသားစုဝင်များ ဖြစ်သည်ကိုမူ မဇ္ဈိမအနေဖြင့်အတည်ပြု၍ မရသေးပေ။

အဆိုပါ စကခ (၉) လက်အောက်ခံတပ်ရင်းများအခြေစိုက်ရာ ကျောက်တော်မြို့၊ မြောက်ဦးမြို့နှင့်မင်းပြားမြို့တို့သည် ရက္ခိုင့်တပ်တော် AA မှ အပြီးသတ်သိမ်းယူထားသော မြို့များဖြစ်သည်။

ရခိုင်ဒေသတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၁၃ ရက်နေ့မှစတင်၍ ရက္ခိုင့်တပ်တော်က ဖော်ဆောင်နေသည့် စစ်ဆင်ရေးအတွင်း ‌မြောက်ဦး၊ ကျောက်တော်၊ ‌မြေပုံ၊ ပေါက်တော၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းမြို့တို့တွင်လည်း စစ်ကောင်စီတပ်ဟည် ခုခံစစ်နှင့် ခွာစစ်ကို အသုံးပြုနေရသည်ဟု ရက္ခိုင့်တပ်တော်၏ ယမန်နေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ